စစ်ပွဲတွေရှောင်ပြီး တွေ့ဆုံဆွေးနွေးဖို့ KIA ကြေညာချက်ထုတ် တိုက်တွန်း
စစ်ပွဲတွေကိုရှောင်ပြီး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ လတ်တလောနိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကို မြန်မာနိုင်ငံက ပြည်သူတွေလည်း အလူးအလဲခံနေရချိန်မှာ စစ်ပွဲတွေ ထပ်ဖြစ်မယ်ဆိုရင် အကျိုးမရှိကြောင်းနဲ့ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ ကြိုးစားရမယ်လို့ KIA/KIO ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီကို စစ်ရေးအရ ပြန်တိုက်မယ့် အချိန်ကာလ သတ်မှတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေချိန်မှာ KIA/KIO ရဲ့ ထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ဖို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
Kachin Waves သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဗိုလ်မှူးကြီးနော်ဘူက "ဆွေးနွေးမယ်ဆိုတဲ့အထဲမှာ စစ်ကောင်စီနဲ့ပဲ ဆွေးနွေးမယ် မဟုတ်ဘူး၊ ဆွေးနွေးရမယ့် အဖွဲ့အစည်း အားလုံးနဲ့ဆွေးနွေးရမယ်" လို့ ဒီကနေ့ KIA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောထားပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေနဲ့ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြီးခဲ့တဲ့သောကြာနေ့ RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။