ဗလမင်းထင်တံတား စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ
2024.05.09

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စုပေါင်းစစ်ဆေးရေးဂိတ် မေလ ၉ ရက်နေ့မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗလမင်းထင်တံတားက စစ်ကောင်စီဂိတ်ကို ဝင်တိုက်ခိုက်တာတော့ သတင်းရပေမဲ့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"တိုက်ပွဲဖြစ်တာတော့ မှန်ပါတယ်၊ ညနေ ၃ နာရီအချိန်မှာ ဖြစ်တာတော့ မှန်ပါတယ်၊ စုပေါင်းဂိတ်ကို ဝင်တိုက်တယ်ဆိုတဲ့ သတင်းရပါတယ်။ ဒါပေမဲ့ ဘယ်တပ်ဖွဲ့က ဝင်တိုက်တယ်ဆိုတာတော့ အခုထိတော့ တရားဝင်မကြားသေးဘူး။ မြေပြင်အခြေအနေလည်း မကြားသေးဘူး။ ဗလမင်းထင်တံတားနားက စုပေါင်းဂိတ်ကို ဝင်တိုက်တယ်ဆိုတာလောက်ပဲ ကြားမိပါတယ်"
မြစ်ကြီးနားဒေသခံတွေနဲ့ ကချင်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာလို့ ရေးသားဖော်ပြကြပါတယ်။
ဗလမင်းထင်တံတားက စစ်ကောင်စီစုပေါင်းဂိတ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီတိုက်ပွဲအခြေအနေ အသေးစိတ်ကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
မံစီမြို့နယ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခုကို သိမ်းလိုက်တဲ့ သတင်းရထားပေမဲ့ လက်ရှိစုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မတ်လ ၇ ရက်နေ့ကစတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ ဆွမ်ပရာဘွမ်မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူနိုင်ပြီး အဲဒီအထဲမှာ အရေးကြီးတဲ့ စခန်းကုန်း ၄၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား-ဗန်းမော်ကားလမ်း၊ ဆွမ်ဘရာဘွမ်ဘက်ကလမ်းတွေ၊ လွယ်ဂျယ်-ဗန်းမော်ကားလမ်း စတဲ့ လမ်းပိုင်းတွေကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။