ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရနှင့် KIO အဖွဲ့ မြစ်ကြီးနားရောက်


2013.10.07
kia-myintkyina-oct-305.jpg အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အောက်တိုဘာလ ၇ ရက်နေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ ကေအိုင်အို ကိုယ်စားလှယ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန်ကျင်းပ မယ့် ကေအိုင်အိုနဲ့အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ၅ဦး အပါအဝင် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်ပါတယ်။ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အလုပ်အမှုဆောင် အကြံပေးအဖွဲ့က ဦးလှမောင်ရွှေကခုလိုပြောပါတယ်။

"ဝန်ကြီး ဦးအောင်မင်းတက်မယ်၊ ပြီးတော့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအုန်းမြင့်၊ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတက်မယ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းမောင်တက်မယ်၊ နောက် အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးတက်မယ်၊ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတက်မယ်၊ ပြီးတော့ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တက်မယ်၊ စစ်ရုံးချုပ်က ဗိုလ်မှူးကြီး ကျော်စိုးဝင်းတက်မယ်၊ နောက်ကျနော်တို့တွေပေါ့လေ၊ ကျနော်တို့ MPC က Special Adviser တွေနဲ့ အလုပ်အဖွဲ့တွေ တက်ကြမယ်ခင်ဗျ"

မြစ်ကြီးနားကို ဒီနေ့ရောက်လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ နောင်လာမယ့် အစီအစဉ်တွေအားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီဆွေးနွေးပွဲက သိပ်အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုလို့ မျှော်လင့်ပါတယ်၊ နောက်လုပ်မယ့် အစီအစဉ်တွေ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောချင်ပါတယ်၊ ရလာဒ်အနေနဲ့ တိတိကျကျရမယ်၊ မရဘူးဆိုတာ ဆွေးနွေးပွဲအပေါ်မှာ မူတည်မှာပါ၊ ဒီဆွေးနွေးပွဲက နောက်တစ်ကြိမ်အတွက် အများကြီးအထောက်အကူပြုမှာပါ၊ နောက်ဆုံးအကြိမ်လို့ပြောလို့ မရပါဘူး၊ ဒီ Process ကို ကျနော်တို့က ပြောရမှာပါ၊ ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ သေချာဆွေးနွေး သွားမှာဖြစ်ပါတယ်၊ ဒီတစ်ကြိမ်မဖြစ်နိုင်ပေမယ့် ကျနော်တို့က အလားအလာတွေ အကောင်းဘက် ကို ရောက်သွားမှာပါ၊ လောလောဆယ်တော့ မရှိပါဘူး၊ ကျနော်တို့ အစည်းအဝေးပြီးရင် စနစ်တကျ ထုတ်ပြန်မှာပါ"

KIO အဖွဲ့ကို ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ဇော်ယော၊ ဒုတိယ ဗိုလ်မှူးကြီး နော်ကူးနဲ့အတူ ရုံးအဖွဲ့ဝင်များ လိုက်ပါလာတယ်လို့သိရပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar လည်း လေ့လာသူအဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။