ဗိုလ်ရှုခံအခမ်းအနား တက်ရောက်ဖို့ ကေအိုင်အေကိုပါ ဖိတ်ခေါ်
2015.01.02

ဒီလ ၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်ဖို့အတွက် လွှတ်တော်ဥက္ကဌတွေနဲ့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌတွေကို ဖိတ်ကြား ထားသလို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ဖွဲ့အပြင် လက်မှတ်ရေးထိုး ဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ ကေအိုင်အေနဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ဗိုလ်ရှုခံ အခမ်းအနားကို တက်ဖို့အတွက် တရားဝင်ဖိတ်ကြားစာမရသေးဘူးလို့ ပြောပါတယ်။
"တရားဝင်ဖိတ်စာလည်း မရောက်လာဘူး၊ ဗဟိုကော်မတီလည်း ဘာမှတရားဝင် ပြောထား တာမရှိဘူး"
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်မှာမဟုတ်ဘဲ ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်က ကျင်းပမယ့် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောပါတယ်။
"ကော်မတီ၊ ကော်မရှင်ဥက္ကဌတွေပဲ ဖိတ်တာ၊ ကျနော်တို့ဥက္ကဌတော့ မတက်နိုင်ဘူး၊ ဌာနချုပ်မှာ လွတ်လပ်ရေးပွဲရှိတယ်လေ၊ ဒီပွဲတော့ ဥက္ကဌတက်မယ်"
ဗိုလ်ရှုခံအခမ်းအနားဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာဖြစ်ပြီး အဲဒီ့အခမ်းအနားမှာ တပ်မတော်စစ်ကြောင်းတွေနဲ့ ဌာနဆိုင်ရာတွေက နိုင်ငံတော်သမ္မတကို အလေးပြုမှာ ဖြစ်ပါတယ်။