ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်

ကချင်လွတ်မြောက်ရေးတပ် (KIA) ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာက ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။

2012.01.03

“အခု ပါတီဖွဲ့စည်းဖို့ အစီအစဉ်မရှိဘူး။ ၂၀၁၅ ကလည်း သုံးနှစ်ကျော် လိုသေးတယ်ဆိုတော့ ကြားမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထွေထွေထူးထူး လုပ်စရာကလည်း မရှိသလို ဖြစ်နေတာပေါ့။ အဲဒါကြောင့် နိုင်ငံရေး ဆက်လုပ်ချင်တယ်။ အခု ကြားဖြတ် ရွေးကောက်ပွဲကလည်း ကျင်းပပေးမယ်ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာပါ”

မိုးကောင်း မဲဆန္ဒနယ်မြေမှာ ဒေါက်တာတူးဂျားနဲ့အတူ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိူးသားဒီမိုကရေစီအင်အားစု၊ ကြံခိုင်ဖွံဖြိုးရေးနဲ့ ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ပြိုင်ကြပါမယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇန်နဝါရီ ၁၆ ရက်ကနေ ဒီလကုန်အထိ လျှောက်လွှာ တင်သွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားပါတယ်။

ဒေါက်တာတူးဂျားဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စာရင်းသွင်းခဲ့ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုတာကြောင့် ဝင်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုမယ်လို့ မျှော်လင့်ထားကြောင်း ဒေါက်တာတူးဂျားက ပြောပါတယ်။

လောလောဆယ် ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေပေမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အစိုးရက ကျင်းပသွားပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။