ဖားကန့်က ဆန္ဒပြ ခေါင်းဆောင်တွေ KIA ပြန်မလွှတ်သေး


2015.12.20
kia-soldiers-620.jpg ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေက လုပ်ငန်းသုံးယာဉ်တွေ မြို့ရွာအတွင်း ဖြတ်သန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာလ ၁၆ ရက်နေ့က ခေါ်ဆောင်သွားရာမှာ ဒီနေ့အထိ ပြန်မလွှတ်သေး ဘဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ KIA တပ်ရင်း၆ တပ်ရင်းမှူးက RFA ကို ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကို ဝေခါမှော် အနီးက ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးထားတာ မဟုတ်ဘူး လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့် က ပြောပါတယ်။

"ဆန္ဒပြတဲ့သူတွေကို ဖမ်းသွားတာမဟုတ်ပါဘူး၊ အဲ့မှာ ပြဿနာတွေက အများကြီးဖြစ်နေတဲ့အခါကျတော့ ဆန္ဒပြခေါင်းဆောင်တွေကို ကျနော်တို့က ညှိနှိုင်းဖို့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးနေတဲ့ ကာလဖြစ်ပါတယ်၊ ဆွေးနွေးနေကြပါတယ်၊ ဧရိယာထဲမှာ ပြဿနာဘယ်လို၊ ဘယ်လိုစဖြစ်တယ်ဆိုတာပေါ့နော်၊ ကိုယ်တို့ ညှိနှိုင်းတာပါ၊ ဖမ်းဆီးတာမဟုတ်ပါဘူး"

KIA ကခေါ်ဆောင်သွားသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၆ ဦးဖြစ်ပြီး၊ အားလုံး ကချင်တိုင်းရင်း သားတွေဖြစ်ပါတယ်။

သူတို့နဲ့ အဓိကဆွေးနွေးနေတာတွေထဲမှာ ဒေသတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုမ္ပဏီမြေသယ်ကားတွေ ကိစ္စ အပြင်၊ ရေမဆေးကျောက် ကောက်သူတွေကိစ္စ ပါဝင်တယ်လို့ ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

ဒေသတွင်းအခြေအနေအရ ကျောက်တူးတဲ့ ကုမ္ပဏီကားတွေ မြို့ရွာအတွင်း မဖြတ်သန်းကြဖို့ ဒေသခံတွေက ဆန္ဒပြနေတာကြောင့်၊ ကုမ္ပဏီကားတွေ က မြေစာစွန့်ပစ်တာတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင်၊ မိမိတို့ လုပ်ငန်း ထိခိုက်သွားမယ်လို့ ရေမဆေးကျောက် ကောက်သူတွေကလည်း ပြောဆို စိုးရိမ်နေကြ တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။