မြစ်ကြီးနားခရိုင် တိုက်ပွဲများကြောင့် လမ်းကြောင်းတချို့ပိတ်
2014.04.06
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပယင်းမှော်ရွာတွေဖက် မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ တာကြောင့် တနိုင်းမြို့ဖက်ကို ထွက်ပြေးတိမ်းရှောင် လာကြတဲ့ ဒေသခံတွေဟာ များပြားလာသလို ပယင်းမှော်ကျေးရွာတွေဖက်ကိုသွားလာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
ဒီနေ့ကစပြီး တနိုင်းမြို့ကနေ ပယင်းမှော်ရွာတွေဆီ သွားမယ့်သူအားလုံးကို အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံး က သွားခွင့်မပေးဘူးလို့ တနိုင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီကနေ ကုန်ပစ္စည်းတွေ သယ်လို့မရတော့ဘူး၊ ပယင်းမှော်တက်မယ့်လူတွေ ကုန်ပစ္စည်းနဲ့ သွားမယ့်ဟာတွေ လက်မခံတော့တာပေါ့၊ ဟိုဘက်ရော ဒီဘက်ရော နှစ်ဖက်စလုံးက ဆင်းခိုင်းတယ်ဗျာ၊ ကုန်သည်တွေရော အလုပ်သမားတွေရော လောပန်းတွေရော အားလုံးတနိုင်း မှာပဲ ရောက်လာကြတယ်၊ သွားခွင့်မပြုတော့ဘူးဆိုတော့ တနိုင်း မှာပဲ သောင်တင်နေခဲ့တာပေါ့ဗျာ၊ တည်းစရာတည်းခိုခန်းတွေက ပြည့်နေတယ်ဆိုတော့ တချို့တွေ လမ်းဘေးအိပ်ရတာရှိတယ်၊ ဘုရားကျောင်းတွေ၊ တချို့ဘုန်းကြီးကျောင်းတွေ၊ တချို့မနောကွင်းတွေမှာပေါ့ ဒါမျိုးတွေနေနေရတယ်"
မြစ်ကြီးနားခရိုင်၊ တနိုင်းအခြေစိုက် အစိုးရတပ် ခလရ ၈၆ နဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တပ်တွေအကြား ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
တနိုင်းမြို့ ရဲစခန်းမှူး ဒုရဲမှူး ဦးမိုးဇော်က တနိုင်းမြို့အခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ အပစ်အခတ်မရှိတော့ဘူးလို့ အခုလို ပြောပါတယ်။
"တနိုင်းမြို့က အေးအေးချမ်းချမ်းပါ၊ ဒီမှာပဲ သူတို့နေပါတယ်၊ ဒီကအုပ်ချုပ်ရေးအဖွဲ့တွေက ကားတွေစီစဉ်ပေးပါတယ်၊ ပြီးရင် ပြန်ကြပါလိမ့်မယ်၊ တိုက်ပွဲလည်းမဖြစ်ပါဘူး"
ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း၊ ချမ်းသာမှော်၊ အောင်ဘာမှော် ပယင်းမှော် စတဲ့ရွာတွေဟာ တနိုင်းမြို့ အနောက်တောင်ဘက် မိုင် ၂၀ အကွာမှာ တည်ရှိပြီး မြန်မာပြည်အနှံ့က လာရောက်လုပ်ကိုင်နေသူတွေ သောင်းနဲ့ချီရှိတယ်လို့ သိရပါတယ်။
အခုဆိုရင် အဲ့ဒီမှော်ရွာတွေဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ တနိုင်းမြို့ပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေနဲ့ တနိုင်းမြို့ မနောကွင်းမှာ ယာယီခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။