ခင်ဦးမြို့နယ်က ရွာနှစ်ရွာ မီးထပ်ရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ရှားလွင်ရွာနဲ့ ကုလားလူးရွာတွေကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေဝင်လာပြီး နေအိမ် ၈၁ လုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
နေ့လယ်ပိုင်းလောက်မှာ မီးလောင်နေတဲ့ အိမ်တွေကို မီးငြှိမ်းဖို့သွားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေထဲက လေးဦးလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
"မီးသွားငြှိမ်းတဲ့ သူတွေကို ဦးခေါင်းတွေကို မသေမချင်း ကျောက်ခဲနဲ့ ထုသတ်ထားတဲ့ အနေအထားလည်း တွေ့ရတယ်၊ လက်နက်ကြီးကျည်လည်း မှန်ထားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်"
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း ရှားလွင်ရွာက နေအိမ် ၈၃ လုံး၊ ကုလားလူးရွာက ၈၄ လုံး မီးရှို့ခံခဲ့ရပါတယ်။
ဒီမတ်လထဲမှာ ခင်ဦးမြို့နယ်အတွင်းက နေအိမ်ပေါင်း ၄၄၇ လုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဘက်က ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေနဲ့တကွ မီးရှို့ခံရတယ်လို့ ပြောပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေကို မီးရှို့တာ မရှိဘူးလို့ အမြဲငြင်းဆိုနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့ မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ခင်ဦးမြို့နယ်မှာ သေဆုံးသူ ၁၁၄ ယောက်၊ ဒဏ်ရာရပြည်သူ ၈၄ ယောက်ထိ ရှိနေတယ်လို့ စာရင်းပြုစုထားသူတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ အထိ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ လူနေအိမ် ၄၈၀၀ ကျော် ရှိပါတယ်။