PR စနစ် အခြေခံဥပဒေနဲ့ ကိုက် ညီကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ပြောကြား
2014.11.26

တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြု စနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြု ခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီကြောင်း လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က နေပြည်တော် လွှတ်တော်အဆောက်အအုံထဲမှာ သတင်းထောက်တချို့နဲ့ ဒီနေ့ တွေ့ဆုံစဉ် PR စနစ် အတည်ပြုလိုက်တဲ့အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိကြောင်း ထောက်ပြနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပြောခဲ့တာပါ။
"ကျနော်တို့ အမျိုးသားလွှတ်တော်ကတော့ ညီပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကလည်း ကျနော် အသေးစိတ်သိတာပဲ၊ ပြည်သူ့လွှတ်တော်ကနေ ခုံရုံးကိုပေးပို့တာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်းမေးတဲ့ သဘောပါပဲ၊ ကျနော်တို့လွှတ်တော်က မေးတာတော့ ရှိတာပေါ့နော်၊ ညီပါတယ် မညိပါဘူးလို့လည်း ဖြေတာ ရှိပါတယ်"
ပြီးခဲ့တဲ့ နှစ်ရက်က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့အဆိုကို ကန့်ကွက်သူ ၂၄ ဦးရှိခဲ့ပေမဲ့ ထောက်ခံသူများတာကြောင့် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်သင့်ကြောင်းနဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံကို သွားရောက်ပြီး ခိုထောင်း ကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးအတွက် ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကိုလည်း သတင်းထောက်တွေကို ပြောပါတယ်။
အဲ့ဒီခရီးစဉ်အတွင်း ဦးခင်အောင်မြင့်ဟာ ထိုင်းနိုင်ငံ Ramkhamhaeng University က ပေးအပ်တဲ့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌတို့ အပါအဝင် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က အစိုးရထံတိုက်တွန်းကြောင်းအဆိုကို မနေ့က အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီးလည်း ထောက်ခံကြောင်း ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။