တပ်မတော်သားကိုယ်စားလှယ်ပါဝင်မှု လျှော့ချဖို့ ဆွေးနွေးမှုရှိ
2019.03.12

လွှတ်တော်တွေမှာ ပါဝင်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို တဆင့်ချင်းလျှော့ ချနိုင်ရေးဆောင်ရွက်ဖို့ မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ဆွေးနွေးတာရှိတယ်လို့ အမည်မဖော်လိုတဲ့ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီကော်မတီဟာ အခန်း ၁ မှာပါတဲ့ နိုင်ငံတော်အခြေခံမူတွေကို ဆွေးနွေးပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိ လွှတ်တော်အသီးသီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာဖြစ်ပါတယ်။
မနေ့က နေပြည်တော်မှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးမှာ ကော်မတီဝင်တစ်ဦးက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို လျှော့ချနိုင်ဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။
"တဆင့်ချင်းလျှော့ချဖို့ ကျွန်တော်တို့အပိုင်းကတော့ မပြောဘူး။ တယောက်ပြောတာတော့ရှိတယ်။ ၂၅ ရာခိုင်နှုန်း ပါဝင်ရေးဆိုတဲ့ကိစ္စကို ပယ်ဖို့အထိ ပြောတယ်။ အခြေခံမူအားလုံးမှာ တပ်မတော် ဦးဆောင်ပါဝင်ရေးဆိုတာတွေ မှာ ပယ်တယ်ဆိုပြီး လုံးဝကို ဖျက်ထားတာ. ပါတီငယ်လေးတွေကတော့ လျှော့ချဖို့ ပြောတယ်ထင်တယ်။"
အမည်မဖော်လိုတဲ့ ကော်မတီအဖွဲ့ဝင်တစ်ဦး ပြောသွားတာပါ။
အဲဒီကော်မတီမှာ ပါဝင်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ကတော့ ကော်မတီအစည်းအဝေးကို တက်ရောက်ပေမယ့် ပါဝင်ဆွေးနွေးတာ မရှိဘူးလို့လည်း သိရပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းကော်မတီအဖွဲ့ဝင် NLD ပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိကြောင်း ငြင်းဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့ နေ့လည်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ စတုတ္တ အကြိမ်မြောက် အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)မှာပါဝင်တဲ့ နိုင်ငံတော်အခြေခံမူတွေ အကြောင်းကို အားလုံးဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအခြေအနေအရ လွှတ်တော်တွေထဲက တပ်မတော်သားပါဝင်မှုလျှော့ချဖို့ကိစ္စနဲ့ပတ်သက်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက အခုလိုသုံးသပ်ပါတယ်။
"တပ်မတော်သားကိုယ်စားလှယ် ရာခိုင်နှုန်းလျှော့ချဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာရပါတီခေါင်းဆောင်တွေ နဲ့ တပ်မတော်ခေါင်းဆောင်တွေကြားမှာ အလွတ်သဘောရော အလုပ်သဘောရော တေ့ွဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်တယ်။ အချိန်ကာလဘယ်လောက်အတွင်းမှာ ရာခိုင်နှုန်းကို ဘယ်လောက်လျှော့ချမယ်။ ဘယ်ကာလရောက်ရင်တော့ လွှတ်တော်တွေထဲကနေ လုံးဝထွက်သွားမယ်ဆိုတဲ့ လမ်းပြမြေပုံတစ်ခုကို အရပ်ဖက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ သဘောတူညီမှုကနေ တဆင့်တည်ဆောက်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်တယ်။ လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုဦးရေ ရာခိုင်နှုန်းကို လျှော့ချမယ့် ပြင်ဆင်ချက်မျိုးကို ထောက်ခံသဘောတူဖို့ အလားအလာနည်းတယ်လို့ မြင်တယ်။"
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၁၄ မှာ "ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်တဲ့ ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားတွေ ပါဝင်တယ်"လို့ ပြဌာန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။