ခင်ဦးမြို့ ကန်သစ်ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
2022.11.27
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာတွေကို ဆက်တိုက်ဝင်ရောက်စီးနင်းနေတဲ့ စစ်ကောင်စီ တပ်သားတွေဟာ မနေ့ကလည်း ကန်သစ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် မောင်ဖိုးစီအောင်ကိုပါ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်တော်ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းက ကန်သစ်ရွာကို ဝင်ရောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြစ်တော်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းက ကန်သစ်ရွာကို မနေ့က လက်နက်ကြီးတွေ ပစ်ပြီး ဝင်တယ်။ ဝင်ပြီးတော့ စစ်တပ်အဖွဲ့ဝင်တချို့က ခင်ဦးမြို့ပေါ်ကို ခြေလျင် တက်သွားတယ်။ တက်သွားတော့ ခင်ဦးကို ပြန်ပြီအထင်နဲ့ တော်လှန်ရေးအင်အားစု တွေက နောက်ကနေ ကင်းလိုက်ထောက်တာ။ စစ်တပ်ဘက်က ကန်သစ်ရွာထဲမှာ ကင်းပုန်း ချန်ထားခဲ့တယ်။ အဲဒီ ကင်းပုန်းကပစ်တော့ PDF ရဲဘော် မောင်ဖိုးစီအောင် ကျတယ်။ နောက်တစ်ယောက်က ဒဏ်ရာရသွားတယ်”
ဒီနေ့မနက်မှာလည်း အဲဒီစစ်ကြောင်းဟာ ခင်ဦး-ရေဦး ကားလမ်းဘေးမှာရှိတဲ့ ဂွေးကုန်းကျေးရွာကို မီးရှို့နေသလို ခင်ဦး-ရေဦး ကားလမ်းနဲ့ ခင်ဦး-ရွှေဘို ကားလမ်း ဝဲယာတွေမှာလည်း ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကတည်းက မြင်းဒေါင်းရွာနဲ့ ဈေးအပြင် မြစ်တော်ရွာကိုပါ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ပြီး မြစ်တော်ရွာမှာ ကျန်ခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် ဦးဝင်းဆိုသူကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု နိုဝင်ဘာလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၁၀ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၂၀ ခန့်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ တပ်တွေဟာ တပ်မ (၆၆) နဲ့ တပ်မ (၃၃) ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။