ခင်ဦးမှာ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦးသေဆုံး
2023.07.21

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာသုံးခုမှာ အခုတစ်ပတ်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ အရပ်သား ခြောက်ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ငါးဦးက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က အင်းပါတ်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စာသင်ကျောင်းထဲ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် အသက် ငါးဆယ်အရွယ် ကိုသန်းစိုး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်မှာတော့ သက်ပေးရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ အသက် ခြောက်နှစ်အရွယ် မောင်မိုးထက်ဝေ၊ အသက် ငါးဆယ်အရွယ် ဦးစန်းဝင်းနဲ့ ဦးဝင်းကျော်တို့ သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၂၀ ရက်မှာလည်း မူးသာရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် လေးဆယ်အရွယ် ကိုမျိုးကိုနဲ့ အသက် ၂၇ နှစ်အရွယ် မသဲမာတို့ သေဆုံးခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုတွေဟာ ခင်ဦးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာ မဟုတ်ဘဲ ရေဦးမြို့နယ်ဘက် အခြမ်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းမရှိဘူး။ လက်နက်ကြီးတွေနဲ့ပစ်တာက ရေဦးဘက်အခြမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက ပစ်တာ။ ရေဦးနဲ့ ခင်ဦးမြို့နယ်အစပ်က ဒေသခံတွေက ထွက်ပြေးနေရတာ”
စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အမျိုးအစားတွေ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ရေဦးနဲ့ ခင်ဦးမြို့နယ်အစပ် ခင်ဦးဘက်အခြမ်းက ရွာတွေဖြစ်တဲ့ မူးသာ၊ သက်ပေး၊ အင်းပါတ်၊ ချမ်းသာကုန်း စတဲ့ရွာတွေ အပါအဝင် ရွာခုနစ်ရွာက ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ပြောကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်ထုတ်ပြန်ချက်မှာ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၃,၈၁၃ ဦးရှိလာပြီလို့ ဖော်ပြထားပါတယ်။