လမ်းပိတ်တာ နှစ်လကျော်လာတာကြောင့် ခေါင်လန်ဖူးမြို့မှာ စားနပ်ရိက္ခာပြတ်လပ်
2024.06.23

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ မြေပြိုကျပြီး ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေတာ နှစ်လကျော်လာတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ပူတာအို - ခေါင်လန်ဖူးလမ်းမ ဆန်းလွတ်ချက်တောင်ကြားမှာ မြေပြိုကျပြီး လမ်းပိတ်ခဲ့တာကြောင့် သွားရေးလာရေး ခက်ခဲသွားတာလို့ ဆိုပါတယ်။
စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆန်အပါအဝင် စားနပ်ရိက္ခာအခြောက်တွေ ဝယ်လို့မရတာကြောင့် စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်နေပြီလို့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီဘက်က ဖုန်းလိုင်းလည်း ဆက်သွယ်မရဘူး။ လမ်းကလည်း တောင်ကြားလမ်းကိုမှ မြေပြိုကျတာဆိုတော့ ဆိုင်ကယ်ပါ ဖြတ်မရဘူး။ ကားဆိုရင် ပိုဆိုးပေါ့။ ဒေသခံတွေက ဆန်အစား အူလှိုင် (အူလှိုင် အပင်ကနေရတဲ့ ဒေသထွက် အစားအစာ) စားတယ်။ ပြီးတော့ အာလူးတို့၊ ပြောင်းတို့စားကြတယ်လို့ သိထားတယ်။ မိုးတွင်းဆို လမ်းပျက်လေ့ရှိပေမဲ့ ဒီနှစ်လောက် မခက်ခဲခဲ့ပါဘူး"
ခေါင်လန်ဖူးမြို့နယ်က တာဝန်ရှိသူတွေအနေနဲ့ ပျက်စီးနေတဲ့လမ်းကို အမြန်ဆုံး ပြန်ပြင်ပေးစေချင်တယ်လို့လည်း ဆိုပါတယ်။
ပူတာအိုမြို့နဲ့ ခေါင်လန်ဖူးမြို့ဟာ မိုင်ပေါင်း ၁၂၀ ကျော်ကွာဝေးပြီး စားနပ်ရိက္ခာနဲ့ လူသုံးကုန်တွေကိုလည်း ပူတာအိုမြို့ကနေ အဓိကဝယ်ယူသုံးစွဲနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ခေါင်လန်ဖူးမြို့မှာ လူဦးရေတစ်သောင်းကျော် (၁၁,၆၅၅ ဦး) နေထိုင်ပါတယ်။