ချင်းတွင်းမြစ်ရေလျှံတက်မှု ခန္တီးမှာ ကျေးရွာပေါင်း ရာနဲ့ချီ စတင်နစ်မြုပ်
2015.09.01

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ၅ ရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် ချင်းတွင်းမြစ်ရေတက်လာပြီး မြစ်ကမ်း တစ်လျှောက်မှာရှိတဲ့ ခန္တီးမြို့နယ်က ကျေးရွာပေါင်း ၁၀၀ နီးပါးလောက် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်လာတာ ကျေးရွာတွေအပြင် အခုဆိုရင် ခန္တီးမြို့ပေါ်ရပ်ကွက်တွေအထိ ရေလျှံနေတာကြောင့် စာသင်ကျောင်းတွေနဲ့ ခန္တီးမြို့မဈေးကို ပိတ်လိုက်ပြီလို့ မြို့ခံ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။
"ခန္တီးမြို့နယ်မှာ ၃၂ အုပ်စုရှိတယ်၊ ၃၂ အုပ်စုစလုံး မြစ်ကမ်းဘေးရွာတွေက အကုန်လုံးမြုပ်သွားပြီ၊ ရွာပေါင်း ၁ဝဝ နီးပါးရှိမယ်၊ ချင်းတွင်းမြစ်ဘေးမှာပဲ ကျေးရွာတွေကတော့ အကုန်လုံးမြုပ်သွားပြီ၊ ခန္တီးမြို့ပေါ်ပဲကျန်တယ်ဗျ၊ ခန္တီးမြို့ပေါ်က ၄ ရပ်ကွက်ဝင်သွားပြီ၊ ကျောင်းတွေလည်း ဒီနေ့ပဲပိတ်လိုက်ပြီ"
ခန္တီးမြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေကို တပ်မတော်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးသတ်ရဲတပ်ဖွဲ့ဝင်က ကုန်းမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်နေတာကြောင့် ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။
ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။