ခမောက်ကြီးမြို့မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံး

RFA Burmese
2023.03.05
ခမောက်ကြီးမြို့မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံး ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာအနီးမှာ မတ်လ ၄ ရက်က စစ်ကောင်စီတပ်နဲ့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စနေနေ့ မနက် ၅နာရီကနေ ၁၀ နာရီထိ ငါးနာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုခွဲပြီး PDF တွေကို အလစ်ငိုက်တိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲအကြောင်းသိသူတစ်ဦးက ပြောပါတယ်။

"ဝိုင်ဒင်းရွာက ဒေသခံတချို့ကို လမ်းပြခေါ်ပြီး တက်လာတာ၊ စုပေါင်းတပ်လို့ ခေါ်တဲ့ သာလွန်အင်အားနဲ့ လက်နက်ကြီး ပစ်ကူပြီး စစ်ကြောင်း သုံးကြောင်းခွဲ တက်လာတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ရော၊ လူအင်အားရော မမျှတော့ အကျအဆုံးရှိခဲ့တာပေါ့။ ကျဆုံးသွားတဲ့ ကာကွယ်ရေးတပ်တွေရဲ့ ရုပ်အလောင်းကိုတော့ ပြန်မရလိုက်ပါဘူး"

စစ်ကောင်စီတပ်က ယခုအချိန်ထိ ဝိုင်ဒင်းရွာအနီးမှာရှိနေပြီး နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဝိုင်ဒင်းရွာအနီး စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ တပ်စွဲနေထိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး၊ PDFတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တနင်္သာရီတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေသတွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုက်ပွဲဖြစ်စဉ် ၃၅၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။