ကရင်နှစ်သစ်ကူးနေ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းကျင်းပ


2014.01.01
kayin-305 ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကိုတွေ့ရစဉ်။
Photo : RFA/ Moe Kyaw

ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို KNU ကရင်အမျိုးသားအစည်းအရုံး၊ BGF ကရင်နယ်ခြားစောင့် တပ်ဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီစတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း သုံးခုပေါင်းပြီး ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနှစ်မှာ နှစ်သစ်ကူးပွဲတော်ကို ကရင့်လက်နက်ကိုင်တပ်ဖွဲ့(၃)ခု ပူးပေါင်းပြီး ထူးထူးခြားခြား ကျင်းပတာနဲ့ ပတ်သက်လို့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီဝင်လည်းဖြစ်သူ KNU ဘားအံခရိုင် ဥက္ကဌ ဖဒိုစောအောင်မော်အေးက အခုလိုပြောပါတယ်။

“ကျနော်တို့ ကရင်အမျိုးသားတွေညီညွတ်မှသာ တစ်ခုတည်းသောပန်းတိုင်ကို ရည်မှန်းနိုင်မယ်။ ကျနော်တို့ အခု အစိုးရနဲ့ စေ့ဖိုင်းယား (cease-fire) လုပ်တယ်၊ စေ့ဖိုင်းယားလုပ်ပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့ ကျနော်တို့ မျှော်မှန်းတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ကရင်တမျိုးသားလုံး ညီညွတ်ဖို့အရေးကြီးတယ်။ ဒါကြောင့်မို့ ညီညွတ်ဖို့၊ ပြန်လည်စုစည်းနိုင်ဖို့ ပြန်လည်နားလည်မှုရရှိနိုင်ရေးအတွက် ကျနော်တို့ ဒီနှစ်တော့ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်”

အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း တိုင်းရင်သားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အစိုးကကြိုးပမ်းနေကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“အရင်တုန်းက ပင်လုံမှာ တိုင်းရင်းသား (၄) မျိုးပဲပါပါတယ်။ အခု တိုင်းရင်းသားအားလုံးပါတာကို ကျနော်တို့ လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ အချိန်နည်းနည်းယူရပါတယ်။ လုပ်ငန်းတွေက တောက်လျှောက်သွားနေပါတယ်။ အောင်မြင်တဲ့ Process တွေဖြစ်ပါတယ်။ မအောင်မြင်ရင်တော့ ရပ်သွားမှာပေါ့ဗျာ။ အခု ဘားအံအစည်းအဝေးကို ဇန်နဝါရီလ လကုန်လောက်ဖြစ်မယ်လို့ မှန်းပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးမယ်ဆိုတာကို အဲဒီ့ဘားအံအစည်းအဝေးကနေ ကြေညာပါ့မယ်။ ကြေညာပြီးတဲ့အခါ နောက်တစ်လလောက်မှာ ပြင်ဆင်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ လက်မှတ်ရေးထိုးပါမယ်။”

အခမ်းအနားကို (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူ အခြေစိုက်တဲ့ မြဝတီခရိုင်၊ ရွှေကုက္ကိုမြိုင်ကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကရင်ရိုးရာ ဒုံးယိမ်းအက ပြိုင်ပွဲ၊ လက်ဝှေ့ပွဲ၊ ကဇာတ်ပွဲ၊ စင်တင်စတိတ်ရှိုးဂီတပွဲတွေနဲ့ ဖျော်ဖြေကျင်းပခဲ့ပါတယ်။

ဒီနှစ်ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်  (၅) မြို့နယ်က လူထုအင်အား တစ်သောင်းကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ရန်ကုန် အင်းစိန်နဲ့ အလုံမြို့နယ်တွေမှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ ပရိသတ်သောင်းချီတက်ရောက်ခဲ့ကြပါတယ်။


အလုံမြိုနယ် ကရင်ခြံမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဦးစောဝင်းက အခုလို ဆုတောင်းစကားပြောဆိုပါတယ်။

" ကျွန်တော်တို့ မြန်မာပြည်မှာ ကရင်လူမျိုးတွေ ရောက်ရှိလာတဲ့နှစ်နဲ့ ပြောမယ်ဆိုရင် သက္ကရာဇ် ၂၇၅၄ နှစ်ကို ရောက်ပါပြီ၊ အခု ကျွန်တော် ဘာဆုတောင်းချင်လည်းလို့ ဆိုရင်၊ မြန်မာပြည်သူ၊ မြန်မာပြည်သား ၁၃၅ မျိုးသော အားလုံးသော လူသားတစ်ရပ်လုံးနဲ့ ကမ္ဘာ့လူထုအားလုံးဟာလည်း ငြိမ်းချမ်းရေးနဲ့ အတူ့ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ခံယူချက်လို အားလုံးသက်ရောက်ပါစေလို့ ကျွန်တော်အနေနဲ့ ဆုတောင်းပါတယ်"


အလားတူ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို မွန်ပြည်နယ် ၊ ပဲခူးတိုင်းနဲ့ တနသာၤရီတိုင်း ဒေသကြီးတွေမှာလည်း ကျင်းပခဲ့ပါတယ်။

၁၉၃၇ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်က ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် စတင်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။