ကော်ယော် အမျိုးသားနေ့ လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်
2016.01.03

၁၅ နှစ်မြောက် ကော်ယော် အမျိုးသားနေ့ကို ကယားပြည်နယ်လွိုင်ကော်မြို့မှာရှိတဲ့ ဒေါဥခူရပ်ကွက်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
ကော်ယော်လူမျိုးတွေ တစ်စုတစ်စည်းထဲပြန်ဖြစ်ဖို့နဲ့အခြားလူမျိုးတွေကြားမှာ ပျောက်ကွယ်မသွား အောင် အခုလို ကျင်းပရတာဖြစ်တယ် လို့ ကော်ယော်လူငယ် ခေါင်းဆောင်ဥက္ကဌ ကိုအန်ထော်နီက RFA ကို ပြောပါတယ်။
"အဓိကရည်ရွယ်ချက်က ကျနော်တို့ ကော်ယော်လူမျိုးတွေ တစ်စုတစ်စည်းထဲပြန်ဖြစ်ဖို့ ပြောမယ်ဆိုရင် ကျနော်တို့လူမျိုးတွေ တကွဲတပြားနဲ့ နေရာဒေသတွေ က ခြားနား နေကြတာကိုး၊ နောက်တစ်ခုက ကျနော်တို့မျိုးနွယ်စုတွေအနေနဲ့လည်း မပျောက်ကွယ် အောင်ပေါ့၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ"
ကော်ယော်မျိုးနွယ်စုကို အစိုးရက မနူးမနောအနေနဲ့သတ်မှတ်ထားပြီး ကော်ယော် မျိုးနွယ်စု အမည်နာမ အတည်ပြုနိုင်ရေးအတွက် နောက်တက်လာမယ့် အစိုးရကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ဒီအခမ်းအနားကိုတက်ရောက်တဲ့ ကော်ယော် ခေါင်းဆောင်တွေက ပြောပါတယ်။
ကော်ယော်မျိုးနွယ်စုတွေဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အများဆုံး နေထိုင်နေတာဖြစ်ပြီး ရှမ်းပြည်နယ်ထဲမှာလည်း နေထိုင်ကြကာ လူဦးရေ တစ်သောင်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
အခမ်းအနားကို ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက ကော်ယော်မျိုးနွယ်စု ၁၀၀ လောက် တက်ရောက်ခဲ့ပြီး ကျန်ဒေသတွေမှာလည်း သူတို့ရွာအလိုက် အမျိုးသား နေ့ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။