ကာလုံ ဥပဒေကြမ်း လက်ရှိ လွှတ်တော်မှာ မဆွေးနွေးဘူးလို့ ဦးခင်အောင်မြင့် ပြော
2016.01.05

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ဥပဒေကြမ်းကို ပြဌာန်း သင့်ပေမယ့် လက်ရှိလွှတ်တော်သက်တမ်း အတွင်း တင်ပြဆွေးနွေးမှာ မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ကာလုံဥပဒေကြမ်းကို ဘယ်တော့ဆွေးနွေးမလဲဆိုပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောတာဖြစ်ပါတယ်။
"ကာလုံဥပဒေကြမ်းဟာ တော်တော်မြင့်တယ်၊ ဒီတော့ ဥပဒေပြဌာန်းချက်တော့ ရှိသင့်တယ်၊ ရှိပေမယ့် အတွေ့အကြုံမရှိတော့ စောင့်ရင်း၊ စောင့်ရင်းနဲ့ ၂ နှစ် ဖြစ်သွားတယ်၊ အခုကအချိန်ကမရတော့ဘူး၊ မူလတင်တဲ့ပုဂ္ဂိုလ်ကလဲ ကျန်းမာရေးကတော်တော်အခြေအနေဆိုးနေတယ်၊ အဲ့တော့မတင်တော့ဘူး၊ မတင်သော်လည်း လုပ်ငန်းလက်ကျန်အနေနဲ့ နောက်လူတွေလုပ်ချင်ရင် လုပ်လို့ရအောင်၊ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့၊ ဘာမှမလုပ်ပဲထားခဲ့မှာပါ"
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေး နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ကြီးတွေ ပါဝင်ပါတယ်။
ကာလုံမှာ အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး တပ်မတော်ဘက်က ၆ ဦး၊ အရပ်သားဘက်က ၅ ဦးသာ ပါဝင်ခွင့်ရထားတဲ့ အတွက် နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်ချက်ချတဲ့အခါ အရပ်သားဘက်က လူဦးရေနည်းနေ တာကြောင့် အဲဒီဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်နေကြတာဖြစ်ပါတယ်။