စစ်တက္ကသိုလ် တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ရွာတွေမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်
2024.04.24
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် လယ်တောရွာမှာ ဧပြီလ ၂၄ ရက် ဒီနေ့အထိ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရှော့တိုက်ဒုံးတပ်ဆင်ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့နေရာတွေက ရွာတွေကို ဝင်ရောက်စီးနင်း စစ်ဆေးခဲ့သလို၊ ပြင်ဦးလွင်မြို့နယ်က တောင်ကုန်းတချို့မှာပါ စစ်တပ်က အင်အားတိုးချတာ၊ လက်နက်ကြီးအထိုင်ချ တပ်ဆင်တာတို့ ပြုလုပ်လာတာလို့ ဆိုပါတယ်။
ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်ကလည်း ပြင်ဦးလွင်မြို့နယ် လယ်တောရွာမှာ ဒီနေ့အထိ အထိုင်ချတပ်စွဲထားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောပါတယ်။
"သူတို့စစ်တက္ကသိုလ် တိုက်ခိုက်ခံလိုက်ရတဲ့နောက်ပိုင်း အထိုင်ချတပ်စွဲထားတာကတော့ ပြင်ဦးလွင်မြို့နယ်ထဲ မှာပါတဲ့ လယ်တောရွာတစ်ရွာပဲရှိပါတယ်။ ဝင်ရောက်စီးနင်းခံလိုက်ရတဲ့ ရွာတွေကတော့ ကျွန်တော်တို့ နယ်မြေတွေထဲက မတ္တရာမြို့နယ်အတွင်းမှာတော့ ခုနစ်ရွာထက်မနည်းရှိတယ်ဗျ။ ရှမ်းမြောက်နဲ့ မတ္တရာ ထိစပ်နေတဲ့ တောင်ကောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကျွန်းပင်ကျေးရွာ စတဲ့ တောတောင်နဲ့ နီးစပ်တဲ့ရွာတွေပါ"
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်ညပိုင်း ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာမှာ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြင်ဦးလွင် စစ်တက္ကသိုလ်ဟာ ဧပြီလ ၈ ရက်နေ့ကလည်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။