ကောလင်းမြို့နယ် မြောင်းကြီးရွာက အိမ် ၃၇ လုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြောင်းကြီးကျေးရွာက နေအိမ် ၃၇ လုံးကို စစ်ကောင်စီ တပ်က နိုဝင်ဘာလ ၄ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Kawlin Revolution-KR က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ နိုဝင်ဘာလ ၃ ရက် မနေ့မနက်ပိုင်းကတည်းက မြောင်းကြီး ကျေးရွာကို ရောက်ရှိနေတာလို့ Kawlin Revolution-KR ရဲ့ သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နေအိမ်က ၃၇ လုံးပေါ့။ မြောင်းကြီးမှာ မနေ့က မနက်ပိုင်းမှာဝင်တယ် ဝင်ပြီးတော့မှ မထွက်ဘူး၊ အပြင်ကလည်း PDF တွေ အကုန်လုံးစောင့်နေတာပေါ့နော်။ စောင့်နေတဲ့ အချိန်မှာ ရွာကို မီးရှို့ပြီးမှ ရုန်းထွက်သွားတာ။ မီးရှို့ခံရတဲ့ အိမ်တွေက တိုက်အိမ်တွေ လည်းပါတယ်။ သစ်သားအိမ်တွေလည်းပါတယ်။ အစုံပေါ့နော်။ ကောင်းတဲ့ အိမ်လည်း ပါသလို မကောင်းတဲ့အိမ်လည်း ပါတာပေါ့။ တကယ့်ရွာလည်ကောင် အိမ်ကြီး အိမ်ကောင်းတွေ ရှိတဲ့နေရာကို ရှို့သွားတာ”
ဒေသခံတွေကတော့ မနေ့က စစ်ကြောင်းဝင်မယ်လို့ သတင်းရတာနဲ့ ချက်ချင်းထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပြီး အခုတော့ ရွာထဲကိုပြန်လာနေကြပြီလို့လည်း သူက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ ကောလင်းမြို့နဲ့ နှစ်မိုင်ပတ်လည်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေတာလို့လည်း ဆိုပါတယ်။
နိုဝင်ဘာလ ၃ ရက် မနေ့ မနက်ပိုင်းကတော့ သရက်ခုံကျေးရွာက မြောင်းကြီးကျေးရွာကို သွားတဲ့လမ်းမှာ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားတယ်လို့လည်း ပြောပါတယ်။
ဒီပြောဆိုချက်တွေအပါအဝင် စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို မေးမြန်းဖို့ RFA က ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၅,၃၇၇ လုံး မီးရှို့ခံခဲ့ရပါတယ်။