ကောလင်းမြို့နယ်မှာ အသတ်ခံထား ရတဲ့ ပြည်သူလေးဦး အလောင်းတွေ့
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်ဖီရွာကုန်းမှာ သတ်ဖြတ်ခံထားရတဲ့ ပြည်သူ လေးဦးရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မင်းကုန်းရွာက CDM ပြုလုပ်ရင်းထွက်ပြေးလာတဲ့ အသက် ၂၂ အရွယ် မထက်နေခြည် မင်း၊ အသက် ၅၂ အရွယ် ဦးစန်းမင်း၊ အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်စောနဲ့ အသက် ၂၇ နှစ်အရွယ် ကိုစောမင်းဦး တို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“CDM လုပ်တဲ့ တစ်ယောက်က ထွက်ပြေးလာပြီး လာပုန်းတယ်။ လာပုန်းတဲ့အခါမှာ စစ်ကြောင်းက ဖမ်းတာခံရတယ် ပေါ့နော်။ ကျန်တဲ့ သုံးယောက်က သူ့ကို လက်ခံထားရတဲ့သူတွေ ဖြစ်ဖို့များတယ်။ အလောင်းကို ၂၃ ရက်နေ့တွေ့တာ”
သတ်ဖြတ်ခံရသူတွေဟာ နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းနဲ့ လက်တွေမှာ ဓားနဲ့ လှီးထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်လို့ ဒေသခံတွေအကြားမှာ ပြောဆိုနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေကြောင့် တစ်ပတ်အတွင်း ကျောက်ပြင်သာ၊ အိမ်ပြင်လှ၊ မင်းကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က မင်းကုန်းကျေးရွာဘက်ကို စစ်ကြောင်း ဝင်ရောက်ပြီးနောက် အဲဒီသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း လေးလောင်းကို တွေ့ရှိရတာလို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ကုက္ကိုကုန်း ကျေးရွာကို စစ်ကြောင်း ဝင်ပြီးနောက် ဆေးရုံနဲ့ ဆေးပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။