စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါလေ လမ်းတွေ ယာယီပိတ်ထား

2022.03.26
စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါလေ လမ်းတွေ ယာယီပိတ်ထား မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်
Photo: Karen Information Center -KIC

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး) နဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာ ကားတွေဖြတ်သန်း သွားလာတာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ KNU က မတ်လ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

တပ်မဟာ ၆ နယ်မြေထဲကို စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းနဲ့ ဖြည့်တင်းလာပြီး စစ်ရေးတင်းမာနေတဲ့ အခြေနေဖြစ်လို့ မတ်လ ၂၇ ရက် မနက်ဖြန်ကစပြီး ယာယီပိတ်ထား မှာဖြစ်ကြောင်း KNU ရဲ့ နိင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“အခု တပ်တွေတိုးလာတာ ကျနော်တို့ နယ်ထဲရောက်လာတယ်။ သူတို့စစ်ကားတွေ တောင် မသုံးဘဲ အရပ်သားကားတွေကို သုံးနေတယ်။ ကုန်တင်ကားတွေ လျှောက်သုံး နေတယ်။ အဲဒါကြောင့် အာရှလမ်းပိုင်းကို ဖြတ်တောက်ထားမယ်။ မြဝတီ-ဝေါလေ လမ်းမကြီးကိုလည်း ဖြတ်တောက်လိုက်တယ်၊ တိုက်ပွဲကတော့ ပြင်းထန်ဖို့ပဲရှိပါတယ်”

အဲဒီလမ်းပိုင်းမှာ ကားတွေ ဖြတ်သန်းသွားလာတာ၊ ကူးသန်းရောင်းဝယ်တာတွေ မလုပ် ကြဖို့ နောက်ထပ်ထုတ်ပြန်ကြေညာချက် မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း KNU က ဆိုထားပါတယ်။

အခုမတ်လအစောပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA အပါအဝင် ဒေသတွင်း ပူး ပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေလို့ ကော့ကရိတ်မြို့နယ် ထဲက ရွာပေါင်း ၂၁ ရွာက ဒေသခံ တစ်သောင်းကျော်တို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေက ဆက်ရှိနေဆဲပဲလို့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်တုန်းက စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောထားပါ တယ်။

မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်ထွက် ခွာဖို့ KNU က ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကြေငြာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီ ဘက်ကလည်း အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။