တိုက်ပွဲကြောင့် ကော့ကရိတ်မြို့က ဒေသခံခုနစ်ထောင်ဝန်းကျင် ထွက်ပြေးနေရ

2022.10.26
တိုက်ပွဲကြောင့် ကော့ကရိတ်မြို့က ဒေသခံခုနစ်ထောင်ဝန်းကျင် ထွက်ပြေးနေရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှ အဆောက်အအုံတစ်ခုအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး မြို့ပေါ်အပါအဝင် ရွာတချို့မှာ နှစ်ဖက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကော့ကရိတ်ဒေသခံတွေက RFA ကိုပြောပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KTLA၊ KLNA၊ PDF ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေစဖြစ်နေပြီး ဒေသခံတွေကတော့ အောက်တိုဘာလ ၂၅ ရက် မနေ့ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ် ဌာနဆိုင်ရာတွေရှိတဲ့ အမှတ် (၇) ရပ်ကွက်၊ ချောင်းတောင် (ထန်းပင်ကုန်း)၊ ခနိမ်းမူ၊ တတန်ကူး၊ ခလရ (၉၇) တပ်အနီးက အမှတ် (၃) ဝင်းကြီး၊ စက်ကုန်း၊ ဆေးရုံကုန်း၊ ကောင်းမှု၊ နို့လား၊ ပျာပင်း၊ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကမိုင်ကုန်း၊ ရွာသစ် ၊ ကော့နွဲ စတဲ့ရွာတွေက ဒေသခံခုနစ်ထောင်ဝန်းကျင် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဒီရက်ပိုင်း ပြင်းထန်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ မနေ့ကတည်းက ထွက်ပြေးနေကြတာ။ မြို့ပေါ်မှာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ တိုက်ပွဲပြင်းထန်မယ်ဆိုတဲ့ ကောလာဟလ ထွက်နေတယ်။ ဖြစ်မယ် မဖြစ်ဘူးကလည်း မသိဘူးလေ။ တချို့ဆို တစ်ဖက်ကမ်းအထိ ရှောင်သွားကြတယ်။ အခုဆို မြို့ပေါ်တွေကရော ရွာတွေကရော ထွက်ပြေးနေကြတယ်”

စစ်ကောင်စီတပ်အနေနဲ့ ညပိုင်းတွေမှာ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ခတ်တာတွေ ရှိသလို လေယာဉ်နဲ့ ကင်းထောက်တာတွေလည်း နေ့စဉ်ရှိနေတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ကော့ကရိတ်မြို့ပေါ် မှာရှိတဲ့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာခဲ့ပါတယ်။

အဲဒီတိုက်ပွဲနောက်ပိုင်း နေ့စဉ် တိုက်ပွဲငယ်တချို့ ဆက်ဖြစ်နေသလို မနေ့ကလည်း မြောက်ကြာအင်းနဲ့ ဒါးလောင်တောင်ကြားနဲ့ တန်ကူးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျားဖြူးစစ်ကြောင်း တပ်ခွဲမှူးကတော့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲငယ်တွေ ရှိနေပြီး တိုက်ပွဲကြီးဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာပေမယ့် ကောလာလဟတွေကိုတော့ ချင့်ချိန်ပြီး ယုံကြည်စေချင်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။