ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် လူနှစ်သောင်းကျော် ထွက်ပြေးနေရ

2022.01.24
ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် လူနှစ်သောင်းကျော် ထွက်ပြေးနေရ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကရင်စစ်ဘေးဒုက္ခသည်များကို တောတွင်းတစ်နေရာမှာတွေ့ရစဉ်
Photo: KIC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တာတွေကြောင့် နှစ်ပတ်တာ အတွင်း ရွာသား ၁၂ ယောက်သေဆုံးပြီး နှစ်သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်အတွင်း ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီ တပ်ရဲ့ထိုးစစ်ကြောင့် KNU တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ကာ ရွာပေါင်း ၂၇ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဇန်နဝါရီ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေဖြစ်ပွားလို့ ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ် (မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး စတဲ့ ရွာတွေက ဒေသခံတွေဟာ တိမ်းရှောင်နေရပြီး ဒေသခံ တစ်ချို့ သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီရွာတွေထဲက အသက် ၁၀ နှစ်အရွယ် မိုးဝသန်၊ အသက် ၁၃ နှစ်အရွယ် မအနွေး၊ အသက် ၁၄ နှစ် အရွယ် နော်သဇင်ဦး၊ အသက် ၁၇ နှစ်အရွယ် တင်ထွန်းနိုင်နဲ့ ဖိုးပြည့် တို့ အပါအဝင် ရွာသား ၁၂ ယောက် တိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ တောင်ဘက် အံဖကြီးကျေးရွာအုပ်စု၊ မြို့ဟောင်းရွာလမ်းမကြီးအတိုင်း KNU နယ်မြေထဲကို ဝင်ရောက်ခဲ့ပြီး KNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးသူ ၃၀ ဝန်းကျင်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကတည်းက KNU ရဲ့ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ KNLA/KNDO တပ်တွေ စစ်ရေးတင်းမာခဲ့ပြီး ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်ကလည်း ကော့နွဲရွာအနီး တိုက်ပွဲဖြစ်ခဲ့လို့ ရွာသစ်ကုန်းနဲ့ အံကလော် ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး ခဲ့ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။