ကယားပြည်နယ်ကို အမည်ပြောင်းဖို့ လူမျိုးစုခေါင်းဆောင်များ ဆွေးနွေး


2016.03.26
karenni-conference-620.jpg ကရင်နီပြည်နယ်ညီလာခံကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကယားပြည်နယ်ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA

ကယားပြည်နယ်ကို ကရင်နီပြည်နယ်လို့ ခေါ်ဆိုဖို့နဲ့ကရင်နီလူမျိုးလက်အောက်မှာ လူမျိုးစုငယ်တွေ ကို ပြန်လည်ထားရှိဖို့ကယားပြည်နယ်က လူမျိုးစုခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နောင်ယား (ခ) ရပ်ကွက်မှာရှိတဲ့ ကယားစာပေနဲ့ယဉ်ကျေးမှုရုံးမှာ ဒီနေ့ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ကရင်နီဆိုတဲ့ ဝေါဟာရကို နားလည်အောင် အရင်ဆုံးလုပ်ဖို့ လိုအပ်တယ် လို့ ကော်ယော်လူငယ်အဖွဲ့က ကိုမာတီးယာက ပြောပါတယ်။

"ကရင်နီဆိုတဲ့ ဝေါဟာရအောက်မှာ ရပ်တည်သွားဖို့ဆိုတဲ့နေရာမှာ ကျနော်တို့ အရေးကြီး ဆောင်ရွက်မှာ က ကရင်နီဆိုတာ ဘာလဲပေါ့၊ တချို့ကလည်း ကရင်နီဆိုတာက မျိုးနွယ်စု ၉ မျိုးကို အခြေခံတဲ့ နာမည်နဲ့မှဖြစ်နေတယ်လို့ အဲ့လိုနားလည်းသဘောပေါက်ကြတော့မှ၊ တချို့ကလည်း ကရင်နီ ဆိုတာ ပြည်နယ်နာမည်ဖြစ်နေတယ်တယ်ဆိုတဲ့ဟာ ဖြစ်နေတယ်ပေါ့၊ ဆိုတော့ ကရင်နီဆိုတဲ့ ဝေါဟာရက ဘာလဲဆိုတာက မျိုးနွယ်စုတစ်ခုချင်းစီ နားလည်သဘောပေါက်နိုင်တဲ့ အနေအထားတစ်ခုကိုတော့ အရင်ဆုံးတည်ဆောက်ရလိမ့်မယ်၊ ကရင်နီကို ကယားပြောင်းလိုက်လို့ ကရင်နီပြန်ခေါ်ရအောင်ဆိုတာမျိုး လွယ်လွယ်လေးနဲ့တော့ တည်ဆောက်ယူလို့မရဘူး"

ကရင်နီလူမျိုးရဲ့ လက်အောက်မှာ ကျန်တဲ့မျိုးနွယ်စုငယ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ထားရှိသွားမယ်ဆိုတာကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီနေ့ ဆွေးနွေးလို့ရလာတဲ့ အချက်အလက်တွေကို လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကရင်နီပြည်နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ တင်ပြသွားမယ်လို့ ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ ကော်ယော်၊ ယင်းတလဲ စတဲ့ ကယား ပြည်နယ်ထဲက လူမျိုးစုတွေရဲ့ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။