ဖားဆောင်းရဟတ်ယာဉ်ပျက်ကျမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးကြောင်း KA ပြော
2024.05.07

ကရင်နီတပ်ပေါင်းစုတပ်ဖွဲ့တွေ ပစ်ချခဲ့တာကြောင့် ကယားပြည်နယ် ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ဆယ်ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
"မြေပြင်သတင်းအရတော့ လေယာဉ်မှူးအပါ ဆယ်ယောက်ကျော် သေတယ်လို့ သတင်းရပါတယ်။ အဲဒါက မှန်ကန်ပါတယ် အတည်ပြုလို့ ရပါတယ်။"
မေလ ၆ ရက်နေ့က ဖားဆောင်းကို စစ်ကူနဲ့ ရိက္ခာပို့ဖို့လာတဲ့ ရဟတ်ယာဉ်နှစ်စင်းကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ ပစ်ချခဲ့တာပါ။ ဒီပစ်ချမှုမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ ဘောလခဲ မရောက်ခင် ပျက်ကျသွားတာလို့လည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
"ကျွန်တော်တို့ ဖားဆောင်းမှာ တိုက်ခိုက်ရေးလုပ်နေတဲ့အခါမှာ လူနာလာသယ်ဖို့ နောက်ပြီးတော့ ဘာကိစ္စနဲ့ဆင်းလာတယ် မသိဘူး ဆင်းလာတော့ ကျွန်တော်တို့ တပ်ပေါင်းစုကပစ်တော့ ထိတော့ လှည့်သွားပါတယ်။ ဘောလခဲ ပြန်ဖို့ပေါ့၊ ဘောလခဲ မရောက်ခင်မှာ ပျက်ကျသွားပါတယ်၊ အဲဒါ အတည်ပြုလို့ရပါတယ်"
ရဟတ်ယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လေယာဉ်မှူးအပါအဝင် ဆယ်ဦးသေဆုံးတယ်ဆိုတာနဲ့ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်အမျိုးအစား အတိအကျကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဖားဆောင်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေနေ့စဉ် ပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်ကလည်း အဲဒီတပ်စခန်းတွေ လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ KNDF တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။