မြိုင်ကြီးငူ ဆရာတော်ကို ကရင်ပြည်နယ် အစိုးရ မေတ္တာရပ်ခံမည်


2016.04.26
pagoda-near-mosque-620.jpg ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာက ဗလီဘေးမှာ တည်ထားတဲ့ စေတီတစ်ဆူကို တွေ့ရစဉ်
.

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာက ဗလီဘေးနဲ့ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားကျောင်း ဝင်းအတွင်း စေတီတည်ခဲ့တဲ့ မြိုင်ကြီးငူဆရာတော်ကို ထိလွယ်ရှလွယ်တဲ့ကိစ္စတွေကို မလုပ်ဖို့အတွက် မေတ္တာရပ်ခံ သွားမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေက သည်းခံနေတယ်ဆိုပေမယ့် ရေရှည်မှာ ပြဿနာပေါ်နိုင်တာကြောင့် ဆရာတော်နဲ့ တွေ့ဖို့ ကြိုးစားပြီး မေတ္တာရပ်ခံမယ် လို့ ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြော ပါတယ်။

"ခရစ်ယာန်ဘုန်းကြီးတွေကလည်း သည်းခံပြီး နေလိုက်ကြတယ်၊ အစ္စလာမ်ဘက်ကလည်း သည်းခံစိတ် ရှိနေတယ်ဆိုတဲ့ အနေအထားမျိုးတွေ့ရတယ်၊ သို့သော် ဒါကြာရှည်ခံမှာမဟုတ်ဘူး၊ တစ်ခုပြီး တစ်ခုဖြစ်နေရင် ပြဿနာပေါ်မယ်၊ မြိုင်ကြီးငူဆရာတော်ကို လျှောက်ထားလို့ရမယ့် သံဃာနာယကအဖွဲ့တွေ ကို ကျနော်တို့ တင်ပြလျှောက်ထားပါတယ်၊ ဆရာတော်နဲ့ တွေ့ဖို့သော်လည်းကောင်း၊ ဆရာတော် နဲ့ တွေ့နိုင်မယ့်လူကို ရှာဖွေပြီးတော့ လည်းကောင်း၊ ကျနော်တို့လုပ်ဖို့အစီအစဉ်တွေ ရှိနေပါတယ်၊ အပူတပြင်းလုပ်နေပါတယ်၊ ထိလွယ်၊ ရှလွယ်တဲ့အလုပ်မျိုးတွေကို ဆရာတော်မလုပ်ဖို့၊ ဆရာတော် ကို မေတ္တာရပ်ခံဖို့ ကျနော်တို့ စဉ်းစား ထားပါတယ်"

မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက လှိုင်းဘဲ့ွမြို့နယ် ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုန်း ကြီးကျောင်းဝင်းအတွင်းမှာ စေတီတစ်ဆူ ကို နေ့ချင်းပြီး တည်ပြီး ထီးတင်ခဲ့သလို အနီးအနားမှာလည်း စေတီတွေ ထပ်တည်ဖို့ မြေနေရာတွေ သတ်မှတ်ခဲ့ပါတယ်။

အလားတူ မနေ့က လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာက ဗလီအဆောက်အအုံအနီးမှာ စေတီတည်ပြီး ဒီနေ့မနက်မှာ ထီးတင်ခဲ့ပါတယ်။ ကရင်ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းဟာ မနေ့က ရွှေဂွန်းကျေးရွာမှာ ဒေသ ခံတွေနဲ့ တွေ့ဆုံပြီး ဘာသာရေး ပဋိပက္ခအသွင် မဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်းနေကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာမွတ်စလင်အစည်းအရုံးက မြိုင်ကြီးငူဆရာတော်ဟာ ဘာသာရေးပဋိ ပက္ခတွေ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဥပဒေမဲ့ လုပ်ဆောင်နေကြောင်း တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားစေဖို့၊ အန်အယ်လ်ဒီအစိုးရကို အကြပ်တေ့ွစေဖို့ ရည်ရွယ်ပြီး အစီအစဉ်ရှိရှိ လုပ်ဆောင်နေ တာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။