မြိုင်ကြီးငူ ဆရာတော်နဲ့ တွေ့ ဖို့ ပြည်ထောင်စုဝန်ကြီး ကြိုးစား


2016.05.09
pagoda-near-church-620.jpg ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်းမှာ တည်ထားတဲ့စေတီ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော် ဦးသုဇနကို ဒီနေ့  မနက်ပိုင်းက သွားရောက်တွေ့ဆုံဖို့ ကြိုးစားပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘူူးလို့ ကရင်ပြည်နယ် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း မြိုင်ကြီးငူဆရာတော်က စေတီများတည်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လျောက်ထားမေးမြန်းဖို့ သွားရောက်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးနဲ့ လိုက်ပါသွားတဲ့ ကရင်ပြည်နယ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

ဆရာတော်ဦးသုဇနဟာ ကျန်းမာရေးအခြေအနေအရ ဘန်ကောက်မြို့ကို ဆေးကုသဖို့ ကြွရောက်သွားနေ တာကြောင့် လက်ထောက်ဆရာတော်ကို လျောက်ထားခဲ့တာဖြစ်ပါတယ်။

"သာသနာရေးဝန်ကြီးကလာတော့ မြိုင်ကြီးငူဆရာတော်နဲ့ သွားတွေ့တာ ဆရာတော်က ဘန်ကောက်ကြွသွားပြီ သူ့ရဲ့ လက်ထောက်ဦးဇင်းနဲ့တွေ့တယ်၊ သာသနာရေးဝန်ကြီးက အရင်တုန်းက ကရင်ပြည်နယ်မှာ အကြာကြီးနေ ဖူးတာကိုး၊ မြိုင်ကြီးငူဆရာတော်နဲ့ ဒကာအရင်း ဆရာအရင်းပါပဲ၊ ဆရာတော်နဲ့ ပတ်သက်ပြီးတော့ ကောင်းခြင်း ဆိုးခြင်း မပြောလိုပါဘူးတဲ့၊ အခုလောလောဆယ် တခြားဘာသာတွေက ထပြီးတော့ ဆူပူမှာကို မြိုင်ကြီးငူ ဆရာတော်က မလိုချင်ဘူးလို့ထင်ပါတယ်တဲ့၊ အဲ့ဒါကြောင့် သုံးသပ်ပေးပါဘုရားလို့ လျှောက်ပေးပါ"

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအနေနဲ့ မြိုင်ကြီးငူဆရာတော်ရဲ့  လက်ထောက်ဆရာတော်နဲ့ တွေ့ဆုံခဲ့သလို အင်္ဂလီကန် သာသနာပိုင်အဖွဲ့နဲ့လည်း ဒီနေ့မနက်ပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။

လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာက အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တာနဲ့ ပတ်သက်ပြီး   သူရ ဦးအောင်ကိုနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့က သွားရောက်ကြည့်ရှု ခဲ့ပါတယ်။

ဘုရားကျောင်းဝင်းထဲမှာ စေတီတည်ထားတာကို စိတ်မကောင်းဖြစ်ကြောင်းပြောပြီး အစိုးရက သူတို့ရဲ့ဆောင် ရွက်ချက်တွေကို ပြောခဲ့တယ်လို့ ဘားအံသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် စောစတိုင်လို က ပြောပါတယ်။

"ကျနော်တို့က ဒါကိုကြည့်ပြီးတော့ စိတ်မကောင်းကြဘူးပေါ့၊ ဒီဝင်းထဲမှာ ဘာသာနှစ်ခုရဲ့ ရိုးရာဓလေ့တွေနဲ့ ဘုရားကျောင်းနဲ့ ရောနေတယ်၊ လုံးထွေးနေတယ်၊ သာသနာရေးဝန်ကြီးကတော့ ဆက်လက်ပြီးဆောင်ရွက်စရာ ရှိတာကို ဆောင်ရွက်ရမယ်၊ ညှိနှိုင်းတိုင်ပင်ရမယ်၊ သမ္မတနဲ့ပဲဖြစ်ဖြစ် သမ္မတအကြံပေးနဲ့ပဲဖြစ်ဖြစ် နောက် ပြီးတော့ နိုင်ငံတော်အဆင့်မှာ ပုဂ္ဂိုလ်ကြီးတွေနဲ့ တိုင်ပင်စရာရှိရင် တိုင်ပင်ရမယ်၊ မြိုင်ကြီးငူဆရာတော်ကို မတွေ့တွေ့အောင် လိုက်ရှာကြမယ်လို့ပြောတယ်"

လောလောဆယ်မှာ လှိုင်းဘွဲ့မြို့နယ် ကွမ်းတောရွာ အင်္ဂလီကန်ကျောင်းဝင်းအတွင်း မြိုင်ကြီးငူဆရာတော်ရဲ့ အမိန့်နဲ့ စေတီ နှစ်ဆူတည်ထားပြီး သိမ်ဆောက်လုပ်ဖို့ ပန္နက်ရိုက်ထားပြီးဖြစ်ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆရာတော်ရဲ့အမိန့်နဲ့ ရပ်နားထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးမင်းတင်ဝင်း ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။