ခရစ်ယာန် ဘုရားကျောင်းအနီး ဘုန်းကြီးကျောင်းဆောက်ဖို့ မြိုင်ကြီးငူဆရာတော် ညွှန်ကြား


2016.06.07
pagoda-near-church-620.jpg ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်းမှာ တည်ထားတဲ့စေတီ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်းတောကျေးရွာက အခြေခံမူလတန်းကျောင်းနဲ့ အင်္ဂလီကန်ခရစ် ယာန်ဘုရားရှိခိုးကျောင်း လမ်းကြားမှာ မြိုင်ကြီးငူဆရာတော် ညွှန်ကြားချက်နဲ့ ဘုန်းကြီးကျောင်း ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော် စောစတိုင်လိုက ပြောပါတယ်။

မနေ့ညကစပြီး အုတ်နဲ့ကျောက်စရစ်တွေ နေရာချထားတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြားထားတယ်လို့ ခရစ်ယာန် ဂိုဏ်းအုပ် ဆရာတော် စောစတိုင်လို က ပြောပါတယ်။

"မနေ့ညကတော့ ဘုရားကျောင်းဝင်းရဲ့ဘေးမှာပေါ့နော်၊ အုတ်ကို ကား ၈ စီး၊ ၉ စီးစာ လာချထားတယ်လို့ပြောတယ်၊ ဒီမနက်ကျောက်တွေဘာတွေ ချထားတာကို တွေ့ရတယ်၊ ဒီမနက်ပဲ ပြည်နယ်သာသနာရေးမှူးကို အကြောင်းကြားပါတယ်၊ ဘုရားကျောင်းဝင်းနဲ့ စာသင်ကျောင်းဝင်းမှာ သွားတဲ့မော်တော် ကားလမ်းရှိတယ်၊ ၁၅ ပေလောက်ရှိတယ်၊ အဲ့ကြားမှာ"

ပြီးခဲ့တဲ့ ဧပြီလကစပြီး ကွမ်းတောကျေးရွာက ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော် ဦးဆောင်တဲ့အဖွဲ့က စေတီနှစ်ဆူနဲ့ သိမ်တစ်ဆောင်ဆောက် လုပ်ထားပါတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းက စေတီတည်ထားတဲ့ မြေနေရာကို မြိုင်ကြီးငူဆရာတော်ကို လှူဒါန်းတာမရှိသလို ကွမ်းတောကျေးရွာမှာ မြိုင်ကြီးငူ ဆရာတော် တည်ထားတဲ့ စေတီအဆူ ၂၀ ခန့် ရှိနေပြီလို့ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော် စောစတိုင်လိုက ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အင်္ဂလီကန်ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ပြီးခဲ့တဲ့မေလက သွားရောက်ခဲ့ပြီး ခွင့်ပြုချက်မပါဘဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း စေတီတွေ တည်နေတဲ့ကိစ္စကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ကို အသိပေးသွားမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်း ပြန်တာ မရှိသေးဘူးလို့လည်း ဆရာတော် စောစတိုင်လို က ပြောပါတယ်။

လှိုင်းဘွဲမြို့နယ် ကွမ်းတောရွာ အင်္ဂလီကန် ခရစ်ယန်ကျောင်းဝန်းအတွင်း မြိုင်ကြီးငူ ဆရာတော်ရဲ့အမိန့်နဲ့ စေတီ၂ ဆူနဲ့ သိမ်ဆောက်လုပ်လို့ပြီး မနေ့ကအုတ်တွေလာချနေတယ်လို့ ဖားအံခရိုင် အင်္ဂလီကန်ဂိုဏ်းချုပ် ဆရာတော်စောစတိုင်လိုက မိန့်ပါတယ်။ အလားတူ ကွမ်းတောရွာအတွင်း ပြီးခဲ့တဲ့ ဧပြီလက စပြီ်း စေတီ အဆူ၂၀ ကျော်တည်နေတယ်လို့ သိရပါတယ်။

ဆရာတော် စောစတိုင်လို ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။