မြိုင်ကြီးငူစခန်းမှာ ရိက္ခာပြတ်နေ
2017.09.28
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်နေတာ ၃ ရက်လောက်ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးထွန်းက ပြောပါတယ်။
လက်ရှိမှာ မြိုင်ကြီးငူဆရာတော်ကြီးဆီက ဆန်အိတ် ၂၀၀ ချေးထားပြီး ဒုက္ခသည်တွေကို ကျွေးမွေးနေရတယ်လို့ ဦးထွန်း က ပြောပါတယ်။
"ရိက္ခာကတော့ မရှိတော့ဘူးလေ၊ ၂ ရက် ၃ ရက်လောက်ရှိနေပြီ၊ ကုန်သွားတာ၊ ဆရာတော်ဆီက အခု လောလောဆယ်တော့ ၂၀၀ ချေးထားတယ်၊ ၃၀ တော့ကုန်သွားပြီ၊ အစိုးရဘက်မှာလည်း တင်ပြတာပဲ၊ ပုဂ္ဂလိကဘက်မှာလည်း တင်ပြနေတာပဲ၊ စားဖို့သောက်ဖို့က လူကြီးပိုင်းက တစ်ယောက်မှလည်း မပေါ် လာသေးဘူး"
စခန်းမှာ တစ်ရက်ကို ဆန်အိတ် ၃၀ ကုန်နေတာကြောင့် ဒီချေးထားတဲ့ ဆန်အိတ်တွေ ကုန်သွားရင် ဘာဆက်လုပ်ရ မလဲ မသိသေးဘူးလို့လည်း ဦးထွန်း က ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ဒုက္ခသည်တွေရဲ့ မူရင်းနေရပ်ဖြစ်တဲ့ မဲသဝေါဒေသမှာ မကြာမကြာ တိုက်ပွဲတွေ ပြန်ဖြစ်နေ တယ်လို့ ကြားသိရကြောင်းလည်း ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်က ကရင်ပြည်နယ် မဲသဝေါဒေသမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးပေါင်းတဲ့အဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာကြောင့် ထွက်ပြေးလာကြတာဖြစ်ပါတယ်။