ကော့ကရိတ်မှာ တစ်လနီးပါးအတွင်း စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိလာ

2022.03.23
ကော့ကရိတ်မှာ တစ်လနီးပါးအတွင်း စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိလာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ မတ်လအစောပိုင်းကစလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေရာ ရွာပေါင်း ၂၁ ရွာက ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

"သူတို့က စစ်ကြောင်းထိုးလာတော့ ဒီဘက်မှာ Camp တွေ သေချာမဖွင့်နိုင်သေးဘူး။ နီးစပ်ရာ ရွာတွေကိုပဲ၊ အမျိုးအိမ်တွေကိုပဲ ကိုယ့်ပစ္စည်းကိုယ်သယ်ပြီး သူတို့ရှေ့နည်း နည်းတိုးလာရင် နောက်တစ်နေရာ လိုက်သွားနေရတာပဲခင်ဗျ"

ကော့ကရိတ်မြို့နယ်ထဲက ရွာတန်းရှည်ရွာ၊ အံမကြီးရွာ၊ ကတိုးထရွာ တို့က ရွာသားတွေ အများဆုံး တိမ်းရှောင်နေကြရပြီး စုစုပေါင်း ရွာပေါင်း ၂၁ ရွာက လူပေါင်း ၁၁,၉၇၇ ဦး စစ်ဘေးရှောင်နေရတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတိုင်း တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ နေရပ်ပြန်နိုင်ဖို့ဆို မိုင်းရှင်းလင်းရေး လုပ်ဆောင်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။

KNU က စစ်ကောင်စီတပ်တွေကို မြဝတီ လေးကေ့ကော်နဲ့ ကော့ကရိတ် တောင်ပိုင်းကနေ ထွက်ခွာဖို့ မတ်လ ၇ ရက်က ကြေညာခဲ့သလို ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို ထွက်ခွာကြဖို့ မတ်လ ၁၇ ရက်ကလည်း သတိပေးချက် တွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြားမှာ ကော့နွဲ၊ ရွာသစ်ကုန်း၊ ကတကူး၊ အံကလော်၊ ကျောင်စရစ်ကုန်း၊ မြို့ဟောင်း၊ မောင်းမရွာသစ်၊ တမိုင်ကုန်း၊ သာယာကုန်း၊ ကြောင်လျာကုန်း၊ စက္ကဝက်၊ အောင်လှိုင်၊ ကတိုးထ၊ တဝေါ သော၊ အံဖလေး၊ နောင်နှိုင်း၊ နန်းရွှေမှုန်၊ ရွာတန်းရှည်၊ အောင်တွင်းကုန်းနဲ့ အောင်ဖာခိ စတဲ့ ရွာပေါင်း ၂၁ ရွာက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်ကနေ ၂၃ ရက် အတွင်း ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီ တပ်နဲ့ KNU တပ်တွေနဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၂၇ ရွာက ဒေသခံတွေ တိမ်းရှောင်ခဲ့ရ တယ်လို့ KNU ဒူးပလာယာခရိုင်က ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။