ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွေ ကျင်းပ


2019.01.06
karen-new-year-622.jpg ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ အာလိန်ငါးဆင့်ဘုရားမှာ ကျင်းပခဲ့စဉ်
Photo: Kyaw Htoon Naing/RFA

ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေမှာ ဖြောင့်မတ်တည်ကြည်၊ သတ္တိကြီးတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ စွမ်းရည်ကို အလေးထားအားကိုးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ ၂၇၅၈ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်ရေးရဖို့ မဖြစ်မနေလိုအပ်နေကြောင်းကို ကရင်တိုင်းရင်းသားတွေက နားလည်၊ ယုံကြည်မယ် လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ပေးပိုတဲ့သဝဏ်လွှာမှာတော့ ငြိမ်းချမ်းရေးဖြစ် စဉ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြမ်းကနေ တိမ်းစောင်းနေတာကြောင့် ပြန်လည် တည့်မတ်လိုတဲ့အတွက် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်တာကို ခေတ္တဆိုင်းငံ့ထားတာဖြစ်ပြီး နှစ်ဖက်ကွာဟမှုတွေကို ညှိနှိုင်းအဖြေရှာသွားမယ်လို့ ပြောဆိုထားပါတယ်။

အလားတူ ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ပေးပို့တဲ့သဝဏ်လွှာတွေမှာ ကရင်လူမျိုး၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်ထိန်းသိမ်းကြဖို့ အဓိကထား တိုက်တွန်းထားတာတွေကို တွေ့ရပါတယ်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ အာလိန်ငါးဆင့်ဘုရားနဲ့ အလုံ ကရင်ခြံနေရာ ၂ ခုမှာကျင်းပခဲ့ပြီး ဧရာဝတီတိုင်းအတွင်းမှာတော့ အိမ်မဲမြို့မှာ ကျင်းပခဲ့ပါတယ်။

အိမ်မဲမြို့မှာ ကျင်းပတဲ့ အခမ်းအနားကို KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၊ ဒုတိယ ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။