ကျုံဒိုးတိုက်ပွဲမှာ ကလေး တစ်ယောက်သေဆုံးပြီး လူ ၆ဝဝဝ ဝန်းကျင် ထွက်ပြေးရ

RFA Burmese
2023.03.26
ကျုံဒိုးတိုက်ပွဲမှာ ကလေး တစ်ယောက်သေဆုံးပြီး လူ ၆ဝဝဝ ဝန်းကျင် ထွက်ပြေးရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် ၂ဝ၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး တွေ့မြင်ရသော မြင်ကွင်းတစ်ခု။
Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မှာ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်က တစ်ဖက်၊ KNLA ပူးပေါင်းတပ်တွေက တစ်ဖက် မတ်လ ၂၆ ရက်နေ့က ဆက်ဖြစ်တဲ့ တိုက်ပွဲကြောင့် ကလေး တစ်ယောက်သေဆုံးပြီး အမျိုးသမီး တစ်ယောက်ဒဏ်ရာရသလို ၂၅ ရက်နေ့က တိုက်ပွဲကြောင့် အိမ် ၆၀ လောက်မီးလောင်ပြီး၊ လူ ၆ဝဝဝ လောက် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ်က မတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့ မနက် ၈နာရီခွဲလောက်မှာတစ်ကြိမ်၊ နေ့လယ် ၁ နာရီလောက်မှာ တစ်ကြိမ်၊ ကျုံဒိုးဒေသ ၅တိုင်ရွာနဲ့ ကျွန်းကလေးရွာကို Mi 35 ရဟတ်ယာဉ်တစ်စီးပေါ်ကနေ စက်သေနတ်တွေ၊ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၅ နာရီလောက်မှာတော့ ကျုံဒိုး ခမရ (၅၄၅) နဲ့ (၅၄၆) တပ်တွေက တောင်ကမ္မရိုက်ရွာနဲ့ မိဂလုံရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ ကျုံဒိုးဒေသခံတစ်ယောက်က ပြောပါတယ်။

“အခု ဒီနေ့စစ်ရဟတ်ယာဉ်လာပစ်တာမှာ ကျွန်းကလေး ၊ ၅တိုင် ၊ ကော့ဝါလဲရွာဘက်တွေက အိမ်တွေ ခြံတွေ အိမ်မွေးကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်တွေထိပြီး သေကုန်တယ် ။ ကော့ကရိတ်ဘက်မှာ မနက်က အလုံးကြီးကျတာ ကလေးတစ်ယောက် သေတယ်။ အမျိုးသမီးတစ်ယောက် အစမှန် ဒဏ်ရာရတယ်ဆိုတာ သိရတယ်။ အခုထိတော့ ကျုံဒိုးမှာရော ကော့ကရိတ်မှာပါ လက်နက်အကြီး အသေးတွေ ပစ်နေတုန်းပါပဲ”

စနေနေ့ကတည်းက မြဝတီ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ခလရ ၂၇၅ တပ် ၊ ကော့ကရိတ် အာရှလမ်း၊ ကျုံဒိုးရဲစခန်းနဲ့ မြို့ပြင်မှာတိုက်ပွဲဖြစ်နေတာပါ။ မတ်လ ၂၆ ရက် တနင်္ဂနွေနေ့မှာတော့ ကော့ကရိတ်မြို့ဘက်မှာ သုံးနေရာ၊ ကျုံဒိုးဘက်မှာ နှစ်နေရာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့တာပါ။

CJ02.jpg
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် ၂ဝ၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး တွေ့မြင်ရသော မြင်ကွင်းတစ်ခု။ (Photo: Citizen Journalist)

မတ်လ ၂၅ ရက်က ဖြစ်ရပ်မှာတော့ တိုက်ပွဲပြင်းထန်နေတဲ့ ညနေ ၅ နာရီလောက်မှာ အမှတ် ၂ ရပ်ကွက်၊ ကွက်သစ်က အိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီကနေ မီးကူးစက်လောင်ကျွမ်းပြီး အိမ် ၆ဝ လောက် မီးလောင်ပျက်စီးတာလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးတာနဲ့ နေအိမ်တွေပျက်စီးတာတွေရှိသလို ကျုံဒိုးမြို့ပေါ်မှာ ရှိတဲ့ စုစုပေါင်း လေး ရပ်ကွက်က ဒေသခံ ၆၀၀၀ လောက်ထွက်ပြေးနေရပြီး တိုက်ပွဲဖြစ်တဲ့အနားမှာ နေတဲ့သူတချို့ကတော့ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတယ်လို့ ပြောပါတယ်။

“ မနေ့က ကျုံဒိုး ရဲစခန်းကုန်း၊ ခမရ ၅၄၅ စစ်တပ်ဘက်မှာ တိုက်ပွဲဖြစ်တော့ မြို့ထဲဘက် ကျည်ကျတာမှာ အရပ်သား ကျား သုံးယောက် သေတယ်။ မိန်းမကြီး တစ်ယောက် ဒဏ်ရာရတာ ဘားအံဆေးရုံအပို့ လမ်းမှာ ထပ်ပြီးသေတယ်။ ဆိုတော့ လေးယောက် သေတယ် ပေါ့နော်။ မိန်းမ တစ်ယောက်၊ ကလေးတစ်ယောက် ပေါင်း နှစ်ယောက် အစမှန်တာ ဒဏ်ရာပြင်းတယ်။ ညနေပိုင်း ၅ နာရီလောက်မှာ ပစ်နေကြတုန်း။ လက်နက်ကြီးတစ်လုံး ကွက်သစ်ပိုင်းကို ကျတာမှာ မီးစလောင်တာ ညအထိပါပဲ ။ အိမ် ၅ဝ ကျော် ၆ဝ နီးပါး မီးလောင်ကုန်တယ်။ တချို့အိမ်တွေ တစ်ဝက်တစ်ပျက် မီးလောင်ခံရတာ ရှိတယ်။ အခုရပ်ကွက်လေးခုလုံးက လူတွေ ရှောင်ပြေးကုန်ပြီ။ ခန့်မှန်းခြေ လူ ၆ဝဝဝ ဝန်းကျင်လောက် ရှိမယ်ဗျ။ စစ်တပ်နား၊ ရဲစခန်းနားက လူတွေတော့ ကျည်ထိမှာကြောက်ပြီး အိမ်ထဲတွေမှာပဲ ပိတ်မိနေကြတယ်။”

CJ01.jpg
Photo: Citizen Journalist

KNU တပ်မဟာ ၆ KNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ကာလမှာ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး ၊ အာရှလမ်းမသစ်မှာ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ကြေညာထားပါတယ်။

ဒါကြောင့် မြဝတီ -ဘားအံလမ်းပိုင်းမှာ အာရှလမ်းဘက်က အသွားအလာပြတ်တောက်နေပြီး မြဝတီကနေ ဝှေ့ရှမ်း၊ ထို့ကော်ကိုး၊ နဘူး၊ထီလုံ၊ ဘားအံ ရွာချင်းဆက်လမ်းပိုင်းကိုပဲ အသုံးပြုပြီး ကုန်ကားတွေနဲ့ ခရီးသည်ကားတွေ သွားလာနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။