ရွှေကုက္ကိုမြို့သစ် ဝင်ခွင့် အကန့်အသတ်မရှိ ပိတ်ထား

RFA Burmese
2024.04.25
ရွှေကုက္ကိုမြို့သစ် ဝင်ခွင့် အကန့်အသတ်မရှိ ပိတ်ထား ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံအသစ်များ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လက တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ကို ဧပြီလ ၂၅ ရက်နေ့ကစပြီး ဝင်ခွင့် မပြုတော့ကြောင်း အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွေထဲ လိုက်လံကြေညာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နေထိုင်ခွင့်ကတ်ရှိသူတွေကိုသာ ဝင်ခွင့်ပြုပြီး အဲဒီကတ်မရှိသူတွေကို မြို့တွင်းဝင်ရောက်ခွင့် မပြုတော့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေကုက္ကိုမြို့ခံတစ်ဦးက ပြောပါတယ်။

“အဝင်တွေပိတ်ထားတယ်။ အပြင်ကားတွေ ဝင်ခွင့်မပေးတော့ဘူး။ ရွှေကုက္ကိုမှာ နေထိုင်ခွင့်မရှိတဲ့သူတွေ အပြင်ကသူတွေ ဝင်ထွက်လို့မရဘူး။“

ရွှေကုက္ကိုမြို့သစ်ထဲ ပြင်ပက အိမ်စီးကားတွေကို လုံးဝ ဝင်ခွင့်မပြုတော့ဘဲ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကတော့ မြို့အဝင်မှာရှိတဲ့ ကားဂိတ်စခန်းကို ခရီးသည်တွေရဲ့ အချက်အလက်ကို သတင်းပေးပို့ပြီးမှ ဝင်ခွင့်ရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မြို့ထဲကို ဝင်ရောက်ခွင့် အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် အဲဒီမှာ အလုပ်သွားလုပ်မယ့်သူတွေ သွားခွင့်ရပ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် နဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အမည်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူ ဗိုလ်မှူးကြီး စောချစ်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ရွှေကုက္ကိုမြို့သစ်မှာ အွန်လိုင်းလောင်းကစားရုံ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ ဖျော်ဖြေရေးလုပ်ငန်းတွေ အများအပြားရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။