စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးလအတွင်း မူးမြို့ဒေသခံ ၁၈ ဦးသေဆုံး၊ ၃၉ ဦးဒဏ်ရာရ
2024.03.31

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်က ဒေသခံတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်တာကြောင့် ၁၈ ဦး သေဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက မတ် ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ်နဲ့ ဒရုန်းနဲ့ လက်နက်ကြီးတွေကို အကြိမ်များစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပြင် ရွာတွေထဲကို ဝင်ရောက်ထိုးစစ်ဆင်ပြီး လူနေအိမ် ၁၆၇ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ အဲဒီအကြမ်းဖက်တိုက်ခိုက်တာတွေအတွင်း မူးမြို့ဒေသခံတွေ သေဆုံးဒဏ်ရာရတာလို့ ပြောပါတယ်။
ဒေသခံတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ်အတွင်း ကျေးရွာ ၈၇ ရွာက လူဦးရေ ခြောက်သောင်းသုံးထောင်ကျော် (၆၃၁၁၂ ဦး) နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မူးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။