ကရင်ဒုက္ခသည် ပြန်လည်နေရာချထားရေး အစိုးရ ဆောင်ရွက်ပေးမည်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်ဒုက္ခသည် တစ်သိန်းကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ ပြီဆိုရင် မူရင်းဒေသတွေမှာ အဆင်ပြေပြေ အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။

2012.09.15
refugees-in-rain-305 တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတစ်နေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။
Photo: Courtesy of Free Burma Rangers

"ကျွန်တော်တို့ကတော့ ဒုက္ခသည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ဦးချင်း ပြန်လာတာပဲဖြစ်စေ၊ တစ်ဖွဲ့လုံး ပြန်လာတာပဲဖြစ်စေ သူတို့တွေ နေရပ်ကို ပြန်လာတာကို ကျွန်တော်တို့ဘက်က အချိန်မရွေး လက်ခံတယ်။ သူတို့နေရာ ရှိလည်း ရှိတယ်။ သူတို့က ဆန္ဒရှိတယ်ဆိုရင် သူတို့နေရာမှာပဲ သူတို့ကို သူတို့ဆန္ဒရှိတဲ့အတိုင်း နေစေမှာ ဖြစ်ပါတယ်။ နေရာမရှိတော့တဲ့ လူတွေအတွက်ကိုတော့ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ပြည်ထောင်စုအစိုးရရော၊ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေနဲ့ အကုန်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နေထိုင်မဲ့ နေရာလေးတွေ မိုင်း clear လုပ်ပေးရမှာပေါ့"

ဒါ့အပြင် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ဦးဇော်မင်းက ပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံရာမှာ လက်ခံထားတဲ့နိုင်ငံ၊ လက်ခံထားတဲ့ အဖွဲ့စည်းတွေ၊ UNHCR တို့လို ကုလသမဂ္ဂ အဖွဲ့စည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျ လက်ခံသွားမယ်လို့လည်း သိရပါတယ်။

ပြန်လည် နေရာချထားရာမှာလည်း ဒုက္ခသည်စခန်းတွေမှာလို တစ်နေရာထဲမှာ စုပေါင်းနေထိုင်ရမှာ မဟုတ်ကြောင်း၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင်လည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေက ဒုက္ခသည် တစ်သိန်း နှစ်သောင်းကျော်ကို တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြန်လည် နေရာချထားနိုင်ဖွယ် ရှိတယ်လို့ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီက သတင်းမီဒီယာတွေကို မကြာခင်ရက်ပိုင်းက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။