ကနီမြို့နယ်က မိသားစုအသတ်ခံရမှု တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်
2024.11.05
စစ်ကိုင်းတိုင်း ကနီမြို့နယ် ပညာရေးအဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သုံးလအရွယ် သမီးအပါအဝင် မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုရရှိရေး သက်ဆိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကနီမြို့နယ်၊ ပညာရေးအဖွဲ့တာဝန်ခံ ဦးဝင်းဌေးဟာ တပုန်းကျေးရွာနေအိမ်မှာ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ သုံးလအရွယ်သမီး မရွှေဝတ်ရည်လွှာတို့နဲ့အတူ နိုဝင်ဘာလ ၄ ရက်နေ့ညက ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာလို့လည်း ဆိုပါတယ်။
ဦးဝင်ဌေးနဲ့ သူမိသားစု သတ်ဖြတ်ခံရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ အမိန့်ပေးစေခိုင်းသူတွေ၊ ကျူးလွန်သူတွေအားလုံးကို ဖော်ထုတ်သွားမယ်လို့လည်း ရေးသားထားပါတယ်။
သူတို့သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်မှတ်တမ်းတင်ပြီး တရားမျှတမှုရရှိဖို့ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။ လက်ရှိအချိန်ထိ ဘယ်အဖွဲ့က သတ်ဖြတ်သွားတယ်ဆိုတာကို မသိရသေးပါဘူး။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။