ကနီမှာလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးသေဆုံး

RFA Burmese
2025.02.18
ကနီမှာလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးသေဆုံး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခု၏ အပျက်အစီးတချို့အား တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးသေဆုံးပြီး နှစ်ဆယ်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး ကာကွယ်ရေးတပ်ဖွဲ့ (KLG Kani) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် ထိခိုက်သေဆုံးတာလို့ KLG Kani တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ပါရမော်တာ (စက်တပ်လေထီး)နဲ့ လာကြဲသွားတာ၊ ညနေငါးနာရီလောက်က၊ လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင်ကြားက ကတ္တရာလမ်းပေါ်ကျတာ၊ ငါးယောက်သေတယ်၊ အယောက် နှစ်ဆယ်လောက်ဒဏ်ရာရတယ်"

တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး လမ်းသွားလမ်းလာတွေ ထိမှန်သေဆုံးတာလို့လည်း ဆိုပါတယ်။

ကနီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်နေ့ တစ်ရက်ထဲမှာတင် လေကြောင်းကနေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲတာ၊ စက်တပ်လေထီးသုံး ဗုံးကြဲတာတွေ စစ်ကောင်စီက လုပ်နေတာ သုံးရက်ရှိပြီလို့လည်း ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ကြောင်းပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။