ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီး

RFA Burmese
2024.11.05
ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာမှ မီးရှို့ခံရသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်က လက်ဆည်ရပ်ကွက်ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားအရေအတွက်နဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီနေ့မှာပဲ ကန့်ဘလူခရိုင်ထဲက ဇီးကုန်းမြို့ပေါ်က လက်ဆည်ဆိုတဲ့ ရပ်ကွက်မှာ မီးရှို့တယ်၊ အဲတာပြီးတော့မှ အပြစ်မဲ့ပြည်သူတွေကို ဖမ်းထားတယ်လို့ သိရတယ်၊ ဒါပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ ကျွန်တော်တို့ ဘာမှ မသိရသေးဘူး၊ မီးလောင်တဲ့ အိမ်ခြေစာရင်းတွေ၊ ဘယ်နှစ်ယောက် အဖမ်းခံရတယ်ဆိုတာ မသိရသေးဘူး၊ ဇီးကုန်းဆိုရင် PDF စိုးမိုးထားတဲ့ နယ်မဟုတ်ဘဲနဲ့ စကစရဲ့လက်အောက်မှာပဲ ရှိသေးတာပေါ့နော်၊ သူတို့စိုးမိုးထားတဲ့ နယ်ကလူတွေကို ဖမ်းတာဆိုတော့ ကျွန်တော်စဉ်းစားကြည်တာတော့ စစ်သင်တန်းပေးဖို့လားပေါ့လေ၊ တခြားသတ်ဖြတ်တာတော့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆရတာပေါ့လေ"

ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ စစ်ကောင်စီက အရပ်သား ၁၂၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး မြို့ပေါ်က တင့်ကားတပ်ရင်း တကရ - ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ အိုင်ပေါင်းချောင်ကျေးရွာက ၃၇ ဦး၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်တိုးကျေးရွာက ငါးဦး၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ဘူးကြီးကျေးရွာက ၅၀ ဦးနဲ့ ကျည်ကုန်းရွာက ၃၀ ဦး စုစုပေါင်း အရပ်သား ၁၂၂ ဦး ဖမ်းဆီးခံထားရတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

မလယ်ရွာအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း၊ ကာဘိုးအထိုင်စခန်းကနေ ထွက်လာပြီး ဇီးကုန်းမြို့၊ လက်ဆည်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေတဲ့စစ်ကြောင်းနဲ့ ကန့်ဘလူမြို့ပေါ်က တင့်ကားတပ်ရင်း တကရ - ၆၀၀၆ ကနေ ထွက်လာပြီး နတ်အင်းရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းတွေ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုးရွာတွေက အရပ်သားတွေရဲ့ နေအိမ် ၈၀၀ နီးပါး မီးရှို့ခံရတယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။