စစ်ကြောင်းထိုးလို့ ကန့်ဘလူ ဒေသခံသုံးထောင်ကျော် ထွက်ပြေး
2023.03.04

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အောက်တဲရွာနဲ့ ပင့်သာရွာကို မတ်လ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် အရပ်သား သုံးထောင်ကျော် ထွက်ပြေး နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တဲရွာကို မနက် ၆ နာရီမှာ စစ်ကောင်စီတပ်သား ၆၀ နီးပါးက ဝင်ရောက်စီးနင်းခဲ့ပြီး၊ ပင့်သာရွာကိုတော့ မနက် ၈ နာရီမှာ စစ်ကောင်စီတပ်သား ၁၅၀ နီးပါးက ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရွာထဲမှာ မတ်လ ၄ ရက်နေ့အထိ ရှိနေသေးတယ်လို့ ပင့်သာရွာဒေသခံ ကိုညီညီက ပြောပါတယ်။
"အောက်တဲရွာနဲ့ ပင့်သာရွာကို စစ်ကြောင်းနှစ်ကြောင်း ခွဲပြီးဝင်နေတာပေါ့။ မီးလောင် နေတဲ့ မီးခိုး၊ မီးတောက်တွေတော့ အဲဒီရွာတွေကနေ တက်လာတာတွေ့နေရတယ်၊ အခုထိ မီးညွန့်မကျိုးသေးသလို သူတို့ လည်း ရွာထဲက မထွက်သေးဘူး။ ဒေသခံတွေ အကုန်လုံးက ဘေးကင်းပါတယ်"
စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကတော့ ဒီဖြစ်စဉ်ကို မသိရသေး ဘူးလို့ ပြောပါတယ်။
အောက်တဲရွာမှာ နေအိမ် ၂၄၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့တာကြောင့် နေအိမ် ၄၀ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပင့်သာရွာကိုလည်း၂၀၂၂ ခုနှစ် ဩဂုတ်လ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့တာကြောင့် နေအိမ် ၆၃၀ကျော်ထဲက ၉၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။