ကန့်ဘလူမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2023.02.19
ကန့်ဘလူမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ကြာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် ကျေးရွာပေါင်း ၂၂ ရွာက အရပ်သား နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာမ၊ ထိန်တော၊ အင်းလယ်ကြီး၊ သရက်တော၊ အင်္ဂါဒေါင့်၊ ကိုင်းရိုး၊ ကျီး ပင်အက်၊ မြကျွန်းသာ၊ မြကန်သာ၊ မန်ကျီးကုန်း၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ မဲသည်၊ ညောင်ဇင်ကြီး၊ မင်းကုန်း၊ လယ်လှ၊ ရွာသစ်ကုန်း၊ ညန်အင်း၊ မြိုင်သာယာ၊ ပေလယ်၊ သပြေသာ၊ ဘိုကုန်းရွာက အရပ်သားတွေ ထွက်ပြေးနေရတာပါ။

ရွာ ၂၂ ရွာမှာ အိမ်ထောင်စု ၄၇၇၅ စုရှိပြီး အရပ်သား ၂၃၈၇၅ ဦးထွက်ပြေးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဝင်လာတိုင်း ထွက်ပြေးနေရတာလို့ မဲသည်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ဆယ်ရက်တစ်ခါလောက် ပြေးလွှားနေရတာ။ ပြည်သူတွေလည်း ဒုက္ခရောက်လှပြီဗျ”

ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာ သွားတာကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဒေသခံတချို့ နေရပ်ပြန်တာတွေလည်းရှိနေ တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။