ကလေးမြို့တိုက်ပွဲ တစ်ပတ်အတွင်း ဒေသခံ ဆယ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င် ကိုးဦး သေဆုံး

RFA Burmese
2024.02.26
ကလေးမြို့တိုက်ပွဲ တစ်ပတ်အတွင်း ဒေသခံ ဆယ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င် ကိုးဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်‌ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၆ ရက်အထိ တစ်ပတ်အတွင်း ‌ဒေသခံ ဆယ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မနေ့က ကလေးမြို့နယ်မြောက်ပိုင်း တိုက်ပွဲနဲ့ ကလေးတက္ကသိုလ် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့၀င် ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကလေးခရိုင် အထူးလှုပ်ရှားတပ်ရင်း (SR6) က တပ်ဖွဲ့၀င် နှစ်ဦး၊ CDF - KKG တပ်ဖွဲ့၀င် တစ်ဦး၊ ချင်းရိုင်ဖယ်တပ်ဖွဲ့ (Chin Rifle) က တစ်ဦး၊ ချင်းအမျိုးသားတပ်မ‌တော် (CNA) က တစ်ဦးတို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ဒုစစ်ဦးစီးချုပ် အပါအ၀င် လေးဦးကို ‌ကလေးမြို့ အောင်သာယာရွာအနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ CNDF တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် သေဆုံးတဲ့ ဒေသခံ ကိုးဦးနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူတစ်ဦးရှိပြီး ဒဏ်ရာရရှိသူ အယောက်နှစ်ဆယ်ရှိနေပြီလို့ ကလေးမြို့ပင်မသပိတ်ကော်မတီ တာ၀န်ရှိသူ ကိုဗိုက်ပူက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ စာရင်းပြုစုထားနိုင်သလောက်တော့ သေဆုံးတဲ့ပြည်သူ အရပ်သား ဆယ်ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူကတော့ နှစ်ဆယ်ဦးလောက်ရှိမယ်။ ၂၁ ရက်နေကနေ ဒီနေ့အထိ ကလေးမြို့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ သုံးကြိမ်လောက်ရှိမယ်"

သေဆုံးသူတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က ကလေးမြို့၊ ဆင်ရွာရပ်ကွက်မှာ လက်နက်ကြီး ထိမှန်တာကြောင့် အသက် ၃၆ နှစ်အရွယ် ဆလိုင်းသျှမ်ကျုံးနှုန် သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစု၀င် သုံးဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာလည်း လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်ကလည်း ကလေးမြို့၊ မြို့လှရပ်ကွက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပါတယ်။

ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ပန်းသီးတိုက်အနီးမှာလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆိုင်ကယ်နဲ့သွားနေတဲ့ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီတိုက်ပွဲတွေကြောင့် ကလေးမြို့ပေါ်က ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။