ကလေးတက္ကသိုလ် ဝန်ထမ်းနဲ့ ကျောင်းသား တစ်ရာဝန်းကျင် ပြန်လွတ်
2024.03.27
စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးတက္ကသိုလ်က ခေါ်ယူထိမ်းသိမ်းထားတဲ့ ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား ၁၃၀ ကျော်ထဲက တစ်ရာဝန်းကျင်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PDF တွေ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားပြီး ကလေးတက္ကသိုလ်မှာ ပိတ်မိနေတဲ့ ဝန်ထမ်းနဲ့ ကျောင်းသူ၊ ကျောင်းသား ၁၃၀ ကျော်ကို PDF တွေက ခေါ်ယူထိန်းသိမ်းခဲ့တာပါ။
ထိန်းသိမ်းထားသူတွေကို မတ်လ ၁ ရက်ကစလို့ အဖွဲ့လိုက်ခွဲပြီး ပြန်လွှတ်ပေးခဲ့တာပါ။
ပါမောက္ခချုပ် အပါအဝင် အရာရှိတချို့ကိုတော့ ဆက်ပြီးထိန်းသိမ်းထားတယ်လို့ ကလေး PDF တာဝန်ရှိသူက ပြောပါတယ်။
"ပါမောက္ခချုပ်နဲ့ တခြား မေဂျာအလိုက် ပါမောက္ခတွေနဲ့ ဆရာ၊ ဆရာမ ၃၀ နီးပါးကိုတော့ မလွှတ်ပေးသေးဘူး။ ကျန်တဲ့ရုံးစာရေးတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပဲ လွှတ်ပေးတာပါ"
သူတို့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ မပါဝင်လို့ ဥပေဒနဲ့အညီ အရေးယူသွားမယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်တိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကလေးမြို့ကို PDF တွေက သိမ်းယူဖို့ကြိုးစားတာကနေ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။