ကလောမှာ ရေပြန်တက်လာတာကြောင့် ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်း

RFA Burmese
2024.10.02
ကလောမှာ ရေပြန်တက်လာတာကြောင့် ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်း ရှမ်းပြည်နယ် ကလောမြို့တွင် တောင်ကျမိုးရေကြောင့် ရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
ကလောရေဘေးကူညီသူတစ်ဦး

ရှမ်းပြည်နယ် ကလောမြို့မှာ အောက်တိုဘာလ ၁ ရက် မနေ့က မိုးသည်းထန်ပြီး တောင်ကျရေကြောင့် နာရီပိုင်းအတွင်း ကလောချောင်းရေလျှံပြီးနောက် ရေ ခုနစ်ပေလောက်အထိ တက်လာတာကြောင့် ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းက ရေဘေးဒဏ်ခံရတဲ့သူတွေဟာ မနေ့က တောင်ကျချောင်းရေနဲ့ မိုးရေကြောင့် ဒုတိယအကြိမ် ရေဘေးဒုက္ခထပ်ကြုံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရေဘေးသင့်ခဲ့တဲ့အိမ်တွေထဲမှာ ပြန်နေကြဖို့ တချို့အိမ်တွေက နွံတွေ ရှင်းလို့ မပြီးသေးဘူး၊ ပြီးတဲ့အိမ်တွေဆို လည်း ပြန်နေကြတာ တစ်ရက် နှစ်ရက်ရှိသေးတယ်။ တချို့ဆို ရေကျသွားလို့ အိမ်သန့်ရှင်းရေးလုပ်ပြီး ပြန်လာတဲ့ နေ့မှာပဲ ချောင်းရေတွေက အခုလိုပြန်လျှံလာတယ်။ အိမ်ထဲ ရေတွေဝင်တယ်"

အောက်တိုဘာလ ၂ ရက် ဒီနေ့မှာတော့ ရေးအနည်းငယ်ပြန်ကျသွားပေမဲ့ ရေဘေးဒုက္ခသည်တချို့ကတော့ ရွှေ့ပြောင်းတဲ့နေရာတွေမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကလောမြို့ပေါ်က ရေဘေးကြုံခဲ့နေရာတွေကို မြို့ပေါ်ဒေခံတွေက ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးလုပ်နေတာ ပြီးကာနီးအချိန်မှ အခုလို တောင်ကျရေမိုးကြောင့် ရွှံ့နွံတွေ ကျန်ခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ကလောမြို့သန့်ရှင်းရေးအတွက် ပန်းခြံ၊ စာသင်းကျောင်းနဲ့ စစ်ကောင်စီတပ် အထိုင်ချရာနေရာတွေမှာပဲ လုပ်နေပြီး နေအိမ်တွေ ပျက်စီးသွားတဲ့နေရာတွေနဲ့ လမ်းတွေကို ပြင်ဆင်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ပထမအပတ်ကစလို့ ကလောမြို့ ရေကြီးနစ်မြုပ်မှုမှာ နေအိမ်၊ ဆေးရုံ၊ ကျောင်း စတဲ့ အဆောက်အအုံပေါင်း သုံးထောင်နီးပါး ရေနစ်မြုပ်ခဲ့ပြီး နေလို့မရအောင် ပျက်စီးသွားတဲ့နေအိမ် နှစ်ရာကျော် ရှိနေတယ်လို့ ပြန်လည်ထူထောင်ရေး လုပ်နေသူတွေက ပြောပါတယ်။

အဲဒီထဲမှာ ဆက်နေလို့မရအောင် အိမ်အလုံးလိုက် ပျက်စီးသွားတဲ့ အရေအတွက်ကတော့ ၁၅၅ လုံး ရှိတယ်လို့ ကလောမြို့ ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုကျတာကြောင့် ကလောမြို့မှာ သေဆုံးသူ တစ်ရာကျော်နဲ့ ပျောက်ဆုံးသူ နှစ်ရာကျော် ရှိတယ်လို့ ဆိုပါတယ်။

ကလောမြို့ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။