ကချင်ပြည်နယ်တိုးတက်ရေးပါတီ ဖျက်သိမ်းလိုက်ပြီ်
2010.09.28

KSPP ပါတီဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ကို လျှောက်ထားခဲ့ပေမဲ့ မှတ်ပုံတင်ခွင့် မရတာကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ် ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
“မျှော်တာလည်း ကြာလှပြီပေါ့။ အလားအလာ လုံးဝ မရှိဘူးဆိုတာကို မြင်လာတယ်။ ဒါကြောင့်မို့ ဒါ အလိုအလျောက် ပြယ်ပျက်သွားတဲ့ သဘောပါ။ အဲဒါကြောင့်မို့လို့ ဒါက ဖျက်သိမ်းလိုက်တဲ့ သဘောပါ ပြောမယ်ဆိုရင် အဖွဲ့ဝင်တွေလည်း အားလုံး ကိုယ့် ကိုယ်ပိုင်လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ပေါ့လေနော။ ဒါအားလုံး လမ်းဖွင့်ပေးလိုက်တယ်။”
ရွေးကောက်ပွဲ ကော်မရှင်ဟာ KSPP ပါတီကို မှတ်ပုံတင်ခွင့်မပေးခဲ့တာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်လည်း မပေးခဲ့သလို ပါတီခေါင်းဆောင်တွေ တသီးပုဂ္ဂလ အမတ်အဖြစ် သီးခြား ဝင်ရောက် အရွေးခံမှာကိုလည်း အကြောင်းပြချက်မပေးပဲ ငြင်းပယ်ခဲ့ပါတယ်။
ခုလိုမှတ်ပုံတင်ခွင့်မပြုခဲ့တဲ့ ကချင်ပါတီသုံးခုရှိပါတယ်။ ဒီပါတီတွေဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊နဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ အဆိုပြုချက်ကို လက်မခံတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ ဝေဖန် ကြပါတယ်။ KSPP ပါတီက ခေါင်းဆောင် ဒေါက်တာတူးဂျာဟာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီး KIO အဖွဲ့က နုတ်ထွက်ပြီး ပါတီထောင်ကာ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာတူးဂျာကို ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |