ကချင်စစ်ပွဲများ ရပ်ဆိုင်းရေး လမ်းလျှောက် သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း

ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။

2013.01.27

ဖြူးမြို့နယ်ကို ဖြတ်သန်းတဲ့အခါ အလံတွေမကိုင်ဆောင်ကြဖို့နဲ့ ကြွေးကြော်သံတွေ မပြုလုပ်ဖို့အတွက် ဒေသခံ အာဏာပိုင်တွေက ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တာပါ။

အဲ့ဒါကြောင့် မြို့ကို ဖြတ်သန်းခွင့်ရရှိအောင် ခံဝန်လက်မှတ် ရေးထိုးခဲ့တယ်လို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးဇင်ကိုကိုက RFAကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေဟာ ဒီကနေ့ည ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ တောင်ငူမြို့ကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကနေ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့ ခရီးစဉ်တစ်လျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေး အလံကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက် သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။