ကချင် ဒုက္ခသည်များအတွက် ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း
2015.06.06

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေးအကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့ရဲ့ထောက်ပံ့မှုတွေ ထက်ဝက်နီးပါး လျှော့ချတော့မှာဖြစ်လို့ အများပြည်သူ ပါဝင်လှူဒါန်းကြဖို့ကို ကချင်အရပ် ဘက် လူမှုအဖွဲ့အစည်းတွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်လိုအပ်ချက်အတွက် အလှူငွေ ကောက်ခံခဲ့တာဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင် မမေစပါယ်ဖြူက လတ်တလော အခက်အခဲကို အခုလိုပြောပါတယ်။
"ပြည်ပအကူအညီတွေကိုတော့ ကျမတို့ ပိုပြီးတော့အားကိုးမှီခိုနေရတဲ့ အနေအထားမျိုးမှာ အခုဒီဇွန်လနောက် ပိုင်းကနေစပြီးတော့ ဒုက္ခသည်တွေအတွက်ပံ့ပိုးကူညီတဲ့ ကူညီစောင့်ရှောက်မှုတွေကို ထက်ဝက်လောက် လျှော့ ချလိုက်မယ်ဆိုတဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေရဲ့ လိုအပ်ချက်စုစုပေါင်း ၁၆ ရာခိုင်နှုန်းလောက်ကိုပဲ ပံ့ပိုးကူညီနိုင်တဲ့အနေအထားမျိုးမှာ ထပ်ပြီးတော့ ကျမတို့တွေက ကူညီပံ့ပိုးမှုတွေကို လျှော့ချလိုက်မယ်ဆိုရင် အထူးသဖြင့် ကချင်ဒေသမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက်ကတော့ တစ်ရက်ကို မြန်မာကျပ်ငွေ ၂ဝဝ ကျပ်နှုန်းနဲ့ပဲ ဆက်ပြီးတော့ အသက်ရှင်ရမယ့်အနေအထားမျိုး ဖြစ်နေပါတယ်"
လောလောဆယ်မှာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ငွေဟာ လူတစ်ဦးကို တစ်ရက် ကျပ် ၄ဝဝ နှုန်းလောက်သာရှိပြီး အဲ့ဒီအကူအညီကို အခုလကစပြီး တစ်ဝက် အထိ လျှော့ချတော့မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လကစပြီး အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား ပြန် လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ်သိန်းတစ်သောင်းကျော်ဟာ စစ်ဘေးဒုက္ခသည်စခန်း ၁၇ဝ ကျော်မှာ နေထိုင်နေကြတာဖြစ်ပါတယ်။