ကချင်စစ်ဘေးဒုက္ခသည် သုံးဦးအသတ်ခံရမှု ရဲတပ်ဖွဲ့ စုံစမ်းနေ
2017.05.29
ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာက ကက်သလစ်အသင်းတော် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေတဲ့ ကချင်အမျိုးသားသုံးဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းဆောင်ရွက်နိုင်အောင် စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး က ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဆေးစစ်ချက်တွေအပေါ်မူတည်ပြီး တရားခံဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး က ဒီကနေ့ပြောပါတယ်။
"အဲ့နေရာက နှစ်ဖက် စိတ်မချရတဲ့နေရာတွေပေါ့၊ မိုင်းတွေလည်း အစတုန်းကရှိနိုင်မယ်ထင်တဲ့နေရာတွေပေါ့၊ ရဲတပ်ဖွဲ့တော့ အဲ့နေရာသွားလေ့သွားထမရှိဘူး၊ သတင်းဖြစ်ပြီးတဲ့နောက်မှာတော့ ကျနေ်ာတို့ သွားနိုင်တဲ့လူတွေ နဲ့ သတင်းစုံစမ်းထောက်လှမ်းပြီးတော့ အဓိကအားဖြင့် နယ်ခံလူတွေနဲ့ပဲ ဆက်ဆောင်ရွက်နေပါတယ်၊ ဆေးစစ် တာတို့ တရားခံဖမ်းဆီးရမိရေးတို့ စုံစမ်းစစ်ဆေးသွားမှာပါ"
ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း ဆိုသူ ၃ ဦးဟာ ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ ညဦးပိုင်းက နေ့စားလုပ်ကိုင်ပြီးအပြန်မှာ နယ်မြေခံ ခမရ ၃၁၉ တပ်မတော်သားတွေက ခေါ်ဆောင်သွားတာပါ။
အဲဒီလိုခေါ်ဆောင်သွားပြီး နောက်ပိုင်း ပြန်မလာလို့ လိုက်ရှာရာကနေ မေလ ၂၈ ရက် မနေ့က မိုင်းခေါင်ရွာ အရှေ့ဘက် လေးမိုင်လောက်ဝေးတဲ့နေရာမှာ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာလို့ မိုင်းခေါင်ရွာအုပ်ချုပ်ရေး မှူး ဦးပီတာဘောက်နော် က ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းတဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သေဆုံးသူတွေရဲ့ အလောင်းကို မန်စီမြို့ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်မှာ အစိုးရတပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တာလို့ အဲဒီဒေသဘက်က ကချင် တိုင်းရင်းသားတွေက ပြောနေကြတာပါ။
ဒါပေမဲ့ လတ်တလော ရရှိထားတဲ့ အချက်အလက်တွေအရ တပ်မတော် ဒါမှမဟုတ် ကေအိုင်အေ ဘယ်ဘက်က ကျုူးလွန်လဲဆိုတာကို မသိရှိသေးကြောင်းနဲ့ အခြေအနေမှန်ကို စုံစမ်းနေဆဲလို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေ ကပြောပါတယ်။
အဲဒီဒေသဟာ လုံခြုံရေးအခြေအနေအရ အစိုးရက ကောင်းစွာမအုပ်ချုပ်နိုင်တဲ့ စစ်ဆင်ရေးနယ်မြေဖြစ်တယ်လို့ သိရပါတယ်။