တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာခံ တစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးရ

RFA Burmese
2023.12.19
တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာခံ တစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးရ တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ရွှေညောင်ပင် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က အောင်မြေ (၁) ကျေးရွာတွင် တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာအနီးမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဲဒီရွာက ဒေသခံတစ်ထောင်ကျော် အောင်မြေ (၁) ရွာနဲ့ အခြားနီးစပ်ရာ ဆွေးမျိုးတွေဆီကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တာလော်ကြီးရွာဘက်ကို အင်းအားဖြည့်ဖို့ လာချိန် ရွှေညောင်ပင်ရွာအနီးမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေအားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေညောင်ပင်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်သွားတော့ အကုန်နီးပါး ထွက်ပြေးသွားတယ်။ မနေ့ညကလည်း အသံတွေကြားတယ်။ အိမ်စောင့်လောက်ပဲ ကျန်တာ။ တချို့က အိမ်စောင့်တောင် မကျန်ဘူး။ အများပိုင်းက အောင်မြေ (၁) ကျေးရွာကို ထွက်ပြေးတယ်။ တချို့ကတော့ နီးစပ်ရာတွေဆီ ထွက်ပြေးသွားကြတယ်။ ရွှေညောင်ပင်က ဖော့စက်ရုံက အလုပ်သမားတွေကတော့ ဝိုင်းမော် ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး မီးလောင်ခဲ့ပြီးနောက် ရွှေညောင်ပင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၃၂၁) ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကတော့ တိုက်ပွဲဖြစ်ချိန် လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြရတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်မှာရောက်လာကြတာ အများပိုင်းက လက်နက်ကြီးတွေ ပစ်နေတော့ ထိမှာကြောက်လို့ ထွက်ပြေးကြတာပေါ့။ လူဦးရေ ဘယ်လောက်ဆိုတာ အတိအကျတော့ မရရသေးဘူး။ ကျွန်တော်တို့လည်း ဒီစစ်ရှောင်တွေနဲ့ ပတ်သက်ပြီး အခု အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေကြတယ်”

ဒီဇင်ဘာ ၁၉ ရက်ဒီနေ့မှာတော့ တိုက်ပွဲဆက်ဖြစ်တာမရှိသလို လက်နက်ကြီး ပစ်ခတ်သံတွေလည်း မကြားရဘူးလို့ ဆိုပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ရွှေညောင်ပင်ရွာနဲ့ တာလော်ကြီးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးကြရတာလို့ ပြောပါတယ်။

တိုက်ပွဲအခြေနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရွှေညောင်ပင်ရွာနားက ပြည်သူ့စစ်စခန်းတစ်ခုနဲ့ တာလော်ကြီးရွာက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေရဲ့ တပ်စခန်းတစ်ခုကို (KIA) က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ ရွှေညောင်ပင်ရွာက ဒေသခံတွေဟာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ တစ်ကျော့ပြန် ကချင်စစ်ပွဲကြောင့် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ရပြီး ၂၀၂၁ ခုနှစ်မှ နေရပ်ပြန်နိုင်ခဲ့ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။