ကချင်ဒုက္ခသည်တွေ ပြန်နေရာချထားရေး ကွင်းဆင်းလေ့လာဖို့ စီစဉ်
2019.07.29

ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထား နိုင်ရေး အတွက် အစိုးရနဲ့ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူတွေ ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ဒုက္ခသည်စခန်းတွေကို လာမယ့် သြဂုတ်လ အတွင်းမှာ ကွင်းဆင်းလေ့လာဖို့ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။
ကချင်ပြည်နယ်တွင်းက နေရပ်စွန့်ခွာရသူတွေ ပြန်လည်နေရာချထားရေး အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူတွေ ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ဇူလိုင်လ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက်မှာ ကွင်းဆင်းလေ့လာဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေနေထိုင်တဲ့ စခန်းတွေဟာ ယာယီ စခန်းတွေ ဖြစ်လို့ ပိတ်သိမ်းရမှာဖြစ်ကြောင်း၊ စစ်ရှောင်စခန်းတွေ ပိတ်သိမ်းဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မဟာဗျူဟာ ရေးဆွဲပြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားထားပါတယ်။
ဒါ့အပြင် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာမှာလည်း ယာယီခိုလှုံတဲ့နေရာမှာရှိတဲ့သူတွေရဲ့ သဘောထား အတိုင်း မှုလနေထိုင်ရာအရပ် ဒါမှမဟုတ် အခြား အများသဘောတူညီထားတဲ့ နေရာအသစ် ဒါမှမဟုတ် လက်ရှိ ရောက်ရှိနေတဲ့ နေရာပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ နေရာတွေမှာ နေရာချပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ စစ်ဘေးရှောင်စခန်း ၁၆၉ ခုရှိပြီး စစ်ဘေး ဒုက္ခသည် ၁ သိန်း ၇ သောင်းနီးပါးရှိနေတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)